အတိတ် ပုံရိပ် .....

ကိုယ် ရှေ့ကို သူ ရောက်လာမယ်လို့ ဘယ်သိထားလိမ့်မလဲနော်၊ တရက် ပေါ့၊ ကိုယ့် အတန်းထဲမှာ တယောက်ထဲ ရှိတဲ့ သူငယ်ချင်းက သူ့ သူငယ်ချင်း ကျောင်းကို လာလိမ့်မယ်တဲ့၊ ကိုယ် တို့အတန်းကို တက်မှာလား မေးမိတော့၊ မဟုတ်ဘူး၊ သူ ကျောင်းရုံးခန်းကို ခဏ လာတာတဲ့၊ ဟင် တို့ ကျောင်းကပဲလား ဆိုတော့ ဟုတ်တယ် ၊ သူ တတန်းပြီးလို့ နောက် အတန်းအတွက် ရုံးခန်း မှာ ငွေလာသွင်းတာတဲ့၊ အေး လာပေါ့၊ ပြီးရင် ကိုယ် သွားမဲ့ နေရာ တော့ နင်လိုက်ပေးရမှာနော် ဆိုတော့ အေးပါတဲ့၊ ကျောင်းဆင်းတော့ သူ့ သူငယ်ချင်း ဆိုသူ အတန်းရှေ့မှာ ရောက်နေပြီ၊ သူတို့ချင်း စကားပြောတာကို အတန်းရှေ့မှာ ကိုယ် စောင့်နေပြီး တော်ကြာနေတော့ သူတို့ ၂ယောက်လုံး ကိုယ့် အနား ရောက်လာတယ်၊ ကိုယ့် အရပ်ထက် ၇ လက်မ ၈ လက်မ ပိုနေတဲ့ သူ တယောက်ကို ကိုယ့် မော့ကြည့်ပြီး ပြုံးပြမိပါတယ်၊ ကိုယ့်သူငယ်ချင်းက သူ ဘယ်သူပါဆိုတာ မိတ်ဆက်ပေးတယ်၊ သူပါ ငါတို့နဲ့ တူတူ လိုက်မယ် တဲ့၊ အေးလိုက်လေ လို့ပဲ ကိုယ် ပြောပြီး ရှေ့က ထွက်လာလိုက်တယ်၊ ကိုယ် သွားမဲ့ နေရာက ကျောင်း နဲ့ သိပ် မဝေးတဲ့ အတွက် လမ်းပဲ လျှောက်သွားကြမှာ ဆိုတော့ လမ်းမှာ စကားပြောရင်း လျှောက်ရင်း သူမေးတယ်၊ ဘာသွားလုပ်ကြမှာလဲ့တဲ့၊ အဲ့တော့ ကိုယ်လဲ ကိုယ် ဝယ်စရာ ရှိလို့ ကျောင်းတတ်တဲ့ နေတိုင်း ကိုယ်သွားတယ် ပြောတော့ ကျနော် လဲ ဝယ်စရာ ရှိလို့တဲ့၊ တိုက်ဆိုင်ချင်တော့ သူဝယ်မဲ့ ပစ္စည်းနဲ့ ကိုယ် ဝယ်မဲ့ ပစ္စည်း တူတူ ဖြစ်နေခဲ့တာ အဲ့ဒီနေရာ ရောက်မှ သိခဲ့ရတယ်၊ ဝယ်စရာ ရှိတာ ဝယ်ပြီး ကိုယ်က လက်ဖက်ရည် ၊ ကော်ဖီ ကြိုက်သူ တယောက်ဆိုတော့ လက်ဖက်ရည် သောက်ပြီးမှ ပြန်မယ် နော်လို့ သူငယ်ချင်း ကို ပြောမိတော့ သူ တိုက်ပါရစေတဲ့၊ ကိုယ် သူ့ကို တချက် စိုက်ကနဲ ကြည့်မိလိုက်တယ်။

လက်ဖက်ရည် သောက်ပြီး ပြန်တော့မယ်လဲ ဆိုရော၊ သူက ကျောင်းမှာ ငွေသွင်းဘောက်ချာ ကျန်ခဲ့လို့ ပြန်သွားယူ ရမယ် ပြောလာတယ်၊ စိတ်ထဲက ထင်လိုက်မိတယ်၊ ကိုယ့် အိမ်ဟာ ကျောင်းနားမှာ ဆိုပြီး ပြောလိုက်မိတာမှားများ သွားလေသလားပေါ့၊ကိုယ့် ကိုယ် ကို အထင်ကြီးမိတာပါ၊ ကိုယ်ဟာ ချောချောလှလှ မိန်းကလေး တယောက်မှ မဟုတ်တာ၊ ဒီအတွေးကို ချက်ချင်း ဖယ်ထုတ်လိုက်ပြီး သူနဲ့ တူတူ ကိုယ်က ကိုယ့်အိမ်ပြန်သလို သူက ကျောင်းကို ပြန်ဖို့ ၂ယောက်ထဲ ပြန်ဖြစ်ခဲ့တယ်၊ ကိုယ်ဆိုတာက မိန်းကလေး အပေါင်းအသင်းသာ နည်းတာ၊ ယောင်္ကျားလေး သူငယ်ချင်း များတဲ့သူတယောက် ဖြစ်နေတဲ့ အတွက် သူနဲ့ ၂ယောက်ထဲ ပြန်ရတာကို ဘယ်လိုမှ မနေပဲ ဟိုးအရင်ထဲက ခင်ခဲ့သူတွေလို ၂ယောက် စကားတပြောပြောနဲ့ ပြန်ဖြစ်ခဲ့တယ်၊ မကောင်းတာ တခုကတော့ သူ့ကို စကားပြောရင် မော့မော့ပြီး ပြောရတာ တခုပါပဲ၊ ကိုယ့် အိမ်နား အရောက်မှာတော့ သူက ကျောင်းဘက် လမ်းမကူးခင် ကိုယ့် ဖုန်းနံပါတ်လေး ပေးထားပါ ဆိုပြီး တောင်းလာခဲ့တယ်၊ ကိုယ်လဲ ရိုးသားစွာပေးလိုက် သလို သူ့ဖုန်းနံပါတ်ကိုလဲ ယူ ထားလိုက်တယ်။

နောက်နေ့တွေ ကိုယ်မေ့မေ့ ပျောက်ပျောက်ပဲ ကိုယ်လဲ သူ့အကြောင်း မပြောမိသလို ကိုယ့်သူငယ်ချင်းကလဲ သူ့ အကြောင်းတွေ မပြောခဲ့ပါဘူး၊ ကိုယ့်တို့ရဲ့ စာသင်ချိန်တွေကို ပုံမှန်အတိုင်း ဖြတ်သန်းလာရင်း တရက်မှာ ကိုယ့်သူငယ်ချင်းတယောက် ထမင်းစားဖိတ်ထားလို့ သူ့အိမ်ရဲ့ အပြန်လမ်း ဘတ်စ်ကားပေါ်မှာ ကိုယ် ငိုက်ကောင်းနေချိန် မက်ဆေ့ တစောင် ဝင်လာခဲ့တယ်၊ ဘယ်မှာလဲ ဆိုတဲ့ သူရဲ့ မက်ဆေ့ကို ဖတ်လိုက်တဲ့ အချိန်မှာ ကိုယ် အိပ်ချင်စိတ်ပျောက်ပြီး ဟုတ်ရဲ့လားဆိုပြီး ၂ခေါက် ၃ခေါက် ပြန်ဖတ်လိုက် ပါတယ်၊ ပြီး ကိုယ် အိမ်ပြန်နေတယ် ဆိုတဲ့ အကြောင်းလေး ပြန်လိုက်ပြီး ပြန်ငိုက်မယ် စဉ်းစားယုံ ရှိသေး နောက်တစောင် ဝင်လာတဲ့ ဖုန်းရဲ့ လှုပ်ခတ်မှုကြောင့် ကိုယ် ဖုန်းကို တခေါက်ပြန်ဖွင့်လိုက်တော့ ဒီ အချိန်ကြီး အိမ်ပြန်နေရအောင် ဘယ်သွားတာလဲ ၊ ဘယ်သူနဲ့လဲ၊တယောက်ထဲလား၊ ဘာသွားလုပ်တာလဲ ဆိုတဲ့ မက်ဆေ့ အရှည်ကြီး တွေ့လိုက်ရတော့ တချက်ပြုံးမိသွားတယ်၊ ကိုယ်ပြန်ပို့လိုက်တဲ့ မက်ဆေ့က ယူ နဲ့ဘာဆိုင်လဲ ဆိုတဲ့ စကားတခွန်းတည်း၊ ချက်ချင်း မြည်လာတဲ့ ဖုန်းခေါ်သံကို ကိုယ် လစ်လျူရှု လိုက်ပြီး ဖုန်းကို အပြီးပိတ်ပြီး အိမ်ရှေ့ ဘတ်စ်ကားမှတ်တိုင်ထိ ကိုယ် ငိုက်ပြီး လိုက်လာခဲ့တော့တယ်၊

နောက်နေ့ မနက် ကိုယ့် ကျောင်းရှေ့ ဘတ်စ်ကားမှတ်တိုင် မှာ သူ့ကိုတွေ့လိုက်ရတဲ့အတွက် ကိုယ် မအံသြ တော့ပါဘူး၊ ထင်ထားပြီးသားပဲလေ၊ ဒါပေမဲ့ သူ ကိုယ့်ဆီ မလာခဲ့ဘူး၊ ကိုယ် ကျောင်းခန်းထဲ ရောက်တော့ ကိုယ့်သူငယ်ချင်းကို သူ ရောက်နေတယ် ဆိုတာ မပြောပြမိတော့ဘူး၊ သူ ကိုယ့်ဆီ လာတယ် ဆိုတာ ကိုယ့် ဘက်က သေချာသွားတဲ့ အတွက် အဲ့နေ့ စာသင်ချိန်တွေ ဘယ်လို ကုန်သွားလဲတောင် မသိလိုက်အောင် ဖြစ်ခဲ့ရတယ်၊ ကိုယ့် ကိုယ်ကိုလဲ မကျေမနပ် ဖြစ်မိတယ်၊ ကိုယ် ဒီလို မဖြစ်သင့်ဘူးလေ၊ သူ့အကြောင်းတွေ ဘာမှ မသိပဲ ကိုယ့် ရင်ထဲကို အဝင်မခံချင်တဲ့ စိတ်ရယ်၊ သူ့ အကြောင်းတွေ ကို သိချင်နေတဲ့ စိတ်ရယ် လွန်ဆွဲ နေသလိုပဲ၊ ဒါပေမဲ့ မိန်းကလေး တယောက်ရဲ့ သဘာဝ စိတ်အရ သူ့ အကြောင်းကို သိမှ ဖြစ်တော့မယ် ဆိုတာ ကိုယ် သိလာတဲ့ အတွက် ကိုယ့် သူငယ်ချင်းကို ခဏ နားချိန်လေးမှာ သူ့အကြောင်းတွေ မေးခဲ့ မိတယ်၊ ကိုယ့် မေးခွန်းတွေကို သူငယ်ချင်းကတော့ ရိုးရိုးသားသား ဖြေသွားတယ်၊ ရိုးသားသူ တယောက်ဆိုတာ သိလိုက်ရတဲ့ အတွက် ကိုယ့် ကျေနပ်သွားခဲ့မိတယ်၊

ကျောင်းဆင်းချိန်မှာ ရင်ခုန်နေတယ် ဆိုတဲ့ ခံစားချက် မဟုတ်တဲ့ ခံစားချက် တခုကို ရင်မှာပိုက်ပြီး သူရှိနေမဲ့ ကားမှတ်တိုင်ကို ကိုယ် တည့်တည့် လျှောက်သွားခဲ့တယ်၊ သူ့ဆီက အပြုံးတစ ကို ကိုယ် လက်မခံပဲ ကိုယ် မေးချင်တာကို အရင် မေးလိုက်မိတယ်၊ မင်း ကိုယ့် ကို စောင့်နေတာလား မေးတော့ ဟုတ်တယ် တဲ့ စောင့်နေတာ ကိုယ်တို့ ဝယ်နေကျ သွားဝယ်မယ်လေလို့ သူ ပြောလာတယ်၊ ကိုယ် နေ့တိုင်း သွားတယ်လို့ ဘယ်သူ ပြောလဲ ထပ်မေးတော့ ကျောင်းတတ်တဲ့ နေတိုင်း သွားတယ် ဆို လို့ ပြောလာတော့ ကိုယ် ကိုယ်တိုင် ပြောပြထားမိတာ သတိရသွားတယ်၊ လမ်းလျှောက် သွားမှာလား ကားစီးမှာလား မေးလာတော့ လမ်းပဲ လျှောက်ရအောင်လို့ ပြန်ဖြေလိုက်တဲ့ ကိုယ့် စကား ကို ရယ်စရာ တလုံးမှ မပါပဲ ကိုယ် ရယ်လိုက်မိသလိုပဲ၊ အရယ်သန်တယ်နော် လို့ သူ ပြောတဲ့ စကားသံကို ကြားမိတော့ ကိုယ် အသံထွက် တကယ် ရယ်မိသွားတယ်၊ ဟုတ်တယ်၊ ကိုယ် အရယ်သန်တယ်၊ ကိုယ်တိုင် စကားပြော နည်းပေမဲ့ သူများပြောတာကို ဂရုတစိုက် နားထောင်ပေးတတ်ပြီး ရယ်စရှိရင် ဟန်မဆောင်တတ်ဘူးလို့ ပြောမိတော့ ရယ်စရာ မပါပဲ သူလဲ လိုက်ရယ်တယ်၊ အဲ့လို ရယ်လိုက်တဲ့ အသံဟာ ကိုယ် တို့ ၂ယောက် ကို ပိုပြီး နီးကပ်သွားစေခဲ့တယ် ထင်တယ်၊ ကိုယ်တို့ အရင်းနှီးဆုံး သူငယ်ချင်း ၂ယောက် ဖြစ်ခဲ့တယ်၊ပျော်စရာဆို တူတူ ပျော်တယ်၊ တယောက် အားငယ်နေရင် တယောက်အားပေးတယ်၊ တယောက် အခက်အခဲ ရှိရင် တယောက် ကူညီတယ်၊ တယောက် ဝမ်းနည်းမှုကို တယောက် မျှယူတယ်၊ ဒီလို ရက်တွေ လတွေ ကြာလာတော့ သူ ကိုယ့် ကို ချစ်တယ်လို့ ဖွင့်ပြောလာခဲ့တယ်၊ တခြား မိန်းကလေးတွေ နဲ့ မတူတဲ့ ကိုယ်ကလဲ သိတယ်လေ လို့ ပြန်ပြောခဲ့တော့ ဟင် ရှက်လဲ မရှက်တတ်ဘူးလို့ ပြောလိုက်တဲ့ သူ့စကား အပြီးမှာ ကိုယ် တို့ ၂ယောက်လုံး ရယ်မောလိုက်မိကြတယ်၊ ကိုယ် သူ့ကို ချစ်တယ် ဆိုတာ လဲ သူ သိမှာပါပဲ။

ဂျင်းဘောင်းဘီ အရှည် နဲ့ တီရှပ် လက်ပြတ်ကို အမြဲ ဝတ်တတ်ပြီး ကိုယ့်ထက် ငယ် နေပေမဲ့ ကိုယ်ရှေ့ ရောက်ရင် လူကြီးပဲ လုပ်ချင်ပါတယ် အမြဲ ပြောတတ်ခဲ့သူ ၊ ကိုယ်က ကိုယ်လို့ ပြောတာကို အပြောမခံတော့ပဲ သူကိုယ်သူ ကိုယ် လို့ ပြောတတ်ခဲ့သူ၊ လမ်းကူးတာ ကြောက်တတ်တဲ့ကိုယ် သူ့ လက်ကို တွဲ မိရင် သူ့လက်ကို လာမတွဲနဲ့ သူကပဲ တွဲမယ် ဆိုပြီး ပခုံးဖက် လမ်းကူးပေးခဲ့သူ၊ တခါတလေ ကိုယ့် ကို နားမလည်ဘူးလို့ ပြောတတ်ခဲ့တဲ့ သူ၊ ခု ကိုယ့်နားမှာ သူ မရှိဘူးလေ၊ သူနဲ့ ကိုယ့် ကြားမှာ အမုန်းဆိုတာမရှိ၊ နားမလည်မှုဆိုတာ မရှိ၊ အကြောင်းတခု ကြောင့် ဝေးရာ မှာ နေ နေရပေမဲ့၊ အဝေးကနေ သူ သတိရနေတယ်၊ လွမ်းနေမယ် ဆိုတာ ကိုယ် ယုံကြည်နေတယ်၊ ကိုယ် အွန်လိုင်း မရှိချိန်၊ ချန်ထားခဲ့တတ်တဲ့ သူ့ မက်ဆေ့ လေးတွေကို ကိုယ် ဖတ်မိရင် ကိုယ့် နားရှိနေသလို ခံစားရတယ်၊ ခုချိန်ထိ ကိုယ့် ဖုန်းနံပါတ် ကို အလွတ်မရတတ်တဲ့ ကိုယ်ဟာ သူ့ဖုန်းနံပါတ်ကို ဘယ်အချိန်စဉ်းစား စဉ်းစား မှတ်မိ နေတတ်တာဟာ ကိုယ် လဲသူ့ကို သတိရနေလို့ပေါ့၊ တနေ့နေ့ ပေါ့ ချစ်သူ၊ ကိုယ့်တို့ ၂ယောက် ဖူးစားမကုန်၊ ကံ မကုန်လို့ ပြန်ဆုံခဲ့ ရင်……………


စာမရေးတာ ကြာလို့ စာတပုဒ် ဖြစ်အောင် ရေးလိုက်တာပါ၊ တကယ် လားလို့ လာမမေးကြေး......

သူငယ်ချင်းများ...

ဟို အရင် အတိတ်က ဇာတ်လမ်းတွေ အကြောင်း စဉ်းစားရင်း အရင်က ခင်ခဲ့ရတဲ့ ခုထိလဲ ချစ်ခင်နေဆဲ သူငယ်ချင်း တွေ အကြောင်း သတိရမိတယ်၊ လက်ချိုး ရေတွက်လိုက်ရင် မိန်းကလေး သူငယ်ချင်းရယ်ဆိုလို့ ၅ ယောက်ထဲ ရှိတယ်၊ ကိုယ့်ကို ခု ဒီက ဘလော့မောင်နှမတွေ ခေါ်သလိုဆို သူတို့တွေကို လူဆိုးမကြီးနောက်က ၁၊ ၂၊ ၃၊ ၄ တပ်ပေးရမယ်၊ တယောက်တမျိုး သိပ်ဆိုးတယ်၊

ကိုယ်ကလွဲရင် ကျန်တဲ့ သူငယ်ချင်း ၄ယောက်က အချောအလှ လေးတွေ ချည်းပဲ၊ တယောက်ကဆို မျက်လုံးဝိုင်းဝိုင်း၊ မျက်ခုံးလှလှလေး၊ ဒါပေမဲ့ သူက စိတ်ပုတ်တယ်၊ သူများတွေကို ပုတ်တာ မဟုတ်၊ ကိုယ့်တို့ သူငယ်ချင်း ၄ယောက် အပေါ်ကို ပုတ်တာ၊ ကိုယ်တို့ ၅ယောက်မှာ ကားမောင်းတတ်တာ ကိုယ်ရယ် သူရယ် ၂ယောက်ထဲ ရှိတယ်၊ သူက ကားမောင်း ကြမ်းတာ မဟုတ်၊ ရမ်းတာ၊ သူ မောင်းရင် ကိုယ်တို့ ဘယ်သူမှ မစီးချင်ဘူး ဆိုတာ သိနေတဲ့ အတွက် ကိုယ်တွေ အပေါ် မကြည်မလင်တဲ့ နေ့တွေဆို သူ မောင်း ကို မောင်းရမှ ဆိုပြီး ဘုရား၊ တရား၊ သံဃာ အကုန်တအောင် မောင်းတတ်တယ်၊ ကိုယ်တို့ သူ့ကို စိတ်ပုတ်မ လို့ ခေါ်တယ်၊ သူနဲ့ ခွဲနေရတာတော့ ၅နှစ် ကျော်သွားပြီ၊ ခု သူ အမေရိကားမှာ ပျော်နေလောက်ပီပေါ့။

ဒုတိယ လူဆိုးမကြီးကတော့ ကိုယ်တို့ထဲမှာ အသက်အကြီးဆုံး၊ နေရာတကာ၊ သူ မပါမပြီး ဆရာ လုပ်လွန်းလို့ ဆရာမကြီးလို့ ခေါ်တဲ့ တယောက် အရပ်ရှည်ရှည်၊ ထောင်ထောင်မောင်းမောင်း၊ ညိုချော ချောသူပေါ့၊ တနေရာရာ သွားဖို့၊ တခုခု စားဖို့ သွားမယ်ဆို သူ မစားဖူးတာ မရှိ၊ မချက်တတ်တာ မရှိ၊ သူ အကုန်သိ၊ အကုန် တတ်၊ ကားမောင်းတဲ့ ကိုယ့်ကို တောင် ဒီလမ်းကမောင်းလေ၊ ဟိုလမ်းကို သွားလေ၊ ဒါလေးတောင် မသိဘူးလား၊ ဘေးကနေ ပွစိပွစိ၊ ဆရာ လုပ်နေတတ်သူပေါ့၊ နောက် သူ အတင်းပြောတတ်တယ် သိလား၊ သူများအကြောင်းတော့ မဟုတ်၊ ဖုန်း တလုံးနဲ့ တယောက်အကြောင်းကို နောက်တယောက်ကို ဆရာ မလုပ်လိုက်ရသမျှ လိုက်ပြောနေတတ်သူ၊ တခါတလေ ၅ယောက်လုံး တူတူ ရှိနေတာတောင်၊ ဘေးနားကပ်ပြီး ဆရာလုပ်၊ အတင်းပြောတတ်တယ်၊ ခု သူဆရာလုပ်တာ ပွစိပွစိ၊ အပြောမခံရတာ ၃နှစ်ပြည့်တော့မယ်၊ သူကတော့ ရွာမှာ ပျော်လို့ပေါ့။

နောက် မင်းသမီးတလက်ကတော့ အဲ နောက်တယောက်ကတော့ မင်းသမီးနဲ့ တူတယ် ပြောချင်တာ၊ အိန္ဒြာကျော်ဇင် လိုလို ဘာလိုလိုပေါ့၊ လှလှလေး၊ ကိုယ်တို့ ထဲမှာ မော်ဒယ်ပေါ့၊ သူလဲ လှလှပပလေး ဝတ်စားနေထိုင်သလို၊ ကိုယ်တွေကိုလဲ လှနေမှ၊ စတိုင်ကျနေမှတဲ့၊ ကိုယ်လို ဝတ်ချင်ရာ ဝတ်တတ်တဲ့ သူနဲ့ တွေ့ရင်တော့ သူ ဘယ်လိုပဲ လှချင်ပချင်၊ စတိုင် ကျချင်ချင်၊ ကိုယ့်ကြောင့် ဒုက္ခ ရောက်ရတယ်၊ တခုခု သွားစရာရှိလို့ အားလုံး ချိန်းကြရင် သူ ကိုယ့်ကို မှာတတ်တာက ပေါက်ကရ စကပ်နဲ့ အကျီင်္တွေ တွဲဝတ်မလာခဲ့နဲ့ နော် တဲ့:D၊ သူကကျ ဘာလုပ်လုပ် မပြတ်သားဘူး၊ မဆုံးဖြတ်ရဲဘူး၊ ကိုယ် ဘာလုပ်ချင်တယ် ဆိုတာ မသိဘူး၊ သူများတွေ ဝိုင်းဆုံးဖြတ်ပေမှ လက်ခံချင်သူ၊ ခုချိန်မှာတော့ အရာရာ ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေနဲ့ နာမည်ကြီး ဒီဇိုင်းနာ တယောက် ဖြစ်နေပါပီ၊သူဆွဲ ပေးတဲ့ ဒီဇိုင်းနဲ့ စတိုင်ကျကျ အဝတ်လေးတွေ ခုချိန် ဝတ်ချင်သေးတယ်။

နောက်ဆုံးတယောက်ကတော့ ကိုယ့်လိုပဲ ပြန်မပြော နားမထောင်တယောက်ပေါ့၊ ရုပ်ကလေးကြည့်လိုက်ရင် ဘယ်သူ့မေးမေး အသက်အစိတ် မပြည့်သေးဘူး ထင်ရတယ်၊ သူ့ ဘယ်လို ခေါ်ရမလဲ၊ ထင်တိုင်းကြဲ ပေါ့၊ တနေရာရာ သွားချင်ပြီလား၊ လုပ်ချင်ပြီလား၊ ဘာမှ လှည့်မကြည့်ဘူး၊ ဘယ်သူမှ မတိုင်ပင်ဘူး၊ လုပ်ပြီးပြီ၊ သွားပြီးပြီ ဆိုမှ အားလုံးကို ပြောပြတယ်၊ သူ သိပ်ဆိုးတယ်း) ၊ သူအကြောင်းတော့ သိပ်မရေး တော့ဘူး၊ သူ့ကို ကိုယ်မလွမ်းဘူး၊ သတိရမနေဘူးလေ၊ ဘာလို့လဲဆို သူက ခု ဒီမှာ ကိုယ်နဲ့ တူတူနေတာ ၂နှစ်ကျော်နေပြီကိုး၊ သူအကြောင်း ထည့်ရေးရင် ကိုယ့်ဘလောထဲလဲ ဝင်ဖတ်ရော တခါထဲ အထုအထောင်း ခံရမှာ ကျိန်းသေတယ်၊ ကြောက်ရတယ်…း)

သူငယ်ချင်းတွေ ကို သတိရနေလို့ ရေးမိနေတာ သူတို့ရော ကိုယ့်ကို သတိရနေပါမလား….

ကိုယ့်အကြောင်းလား???

အားလုံးသိနေပြီးသား၊ ဘာရေးစရာလိုလဲ၊ ချောချော၊ လှလှ၊ ဝဝ၊ ပုပု၊ ဘလော့မောင်နှမတွေ မကြိုက်တာဆို ဘာမှ မလုပ်( ကိုယ်ကြိုက်တာပဲ ကိုယ်လုပ်တာ) အလိမ္မာလေးအကြောင်း ရေးစရာကို မရှိ…း)

လူဇိုးမကြီးလို့ ဘာကြောင့် ခေါ်ကြမှန်းကို မသိ..:D

ကိုယ့် အကြိုက်..

ကိုယ့် အကြိုက် တဲ့ ညီမငယ် ဇွန်မိုးစက်က လာတဂ် ထားတယ်၊ ငွေ အကြွေးတွေ မရှင်း နိုင်သေးခင် စာအကြွေးတွေ တော့ ရှင်းဦးမှ ဆိုပြီး ရေးမလို့စဉ်းစားတော့ ကြိုက်တာထက် မကြိုက်တာတွေ က ပိုများနေတယ်၊ ကိုယ့်ရှေ့ က မမ တွေ ရေးသွားသလို လုံချည် လေး တွေ ချပြရအောင်လဲ လူရင်းတွေ သိပါတယ်၊ လုံချည်လေး ၃ ကွင်း ထဲ ပါတာ အဲဒီ ၃ကွင်း ကို ခု ၃နှစ်ပြည့်တဲ့ ထိ ဝတ်မလား စဉ်းစားနေတုန်း၊ လူကြုံ ရှိတယ် ဆိုလို့ အိမ်ကို လုံချည် ဝတ်စရာ ကုန်လို့ ၃ကွင်းလောက် ထည့်ပေးလိုက်ပါလို့ မှာလိုက်ရတယ်၊ လူကြုံ ညီမလေး တော့ ပြန်ရောက်ပါပြီ ၊ လုံချည် ၄ကွင်းပါတယ် လို့ သတင်းရထားတယ်၊ လုံချည် ဝတ်တယ် ဆိုပြန်တော့ လှလှ ပပ ချပ်ချပ်ရပ်ရပ် ဝတ်တတ်တာ မဟုတ်၊ ဝတ်လိုက်ရင် ဘိုသီ ဘပ်သီ၊ စွန် တောင်ဆွဲ၊ လုံးဝတ်တတ်တယ်၊ ခန္တာကိုယ်က အသက်ကြီးလို့ ဝလာရတဲ့ ကြား လုံချည်ကို လုံးဝတ်ထားတဲ့ ပုံ မြင်ယောင်ကြည့်ပါ၊ စည်ပိုင်း ကို ပတ်ထားသလို ပုံမျိုး၊ ကိုယ်ကိုယ်တိုင် တော့ မှန် နဲ့ ရန်ဖြစ်ထားပါတယ်၊

လုံချည် ကြိုက်သလားဆို ကြိုက်တယ် ဖြေရမှာပဲ၊ ဒါပေမဲ့ မဝတ်ဖြစ်တာပါ၊ မဝယ် တတ်တာပါ၊ ကိုယ့် အမေ ဝယ်ပေးတဲ့ လုံချည်တွေပဲ ဝတ်တယ်၊ ငယ်ငယ်ထဲ က မိန်းကလေး က ကိုယ် တယောက်ထဲ ဆိုတော့ အကိုတွေ မောင်တွေ ဦးလေး တွေ အကျ ဘောင်းဘီတို ၊ ရှည်၊ စပို့ရှပ်၊ တီရှပ် ၊နဲ့ စကပ်တွေ ပဲ ဝတ်တတ်တာ၊ ၈ တန်းနှစ် ကျောင်းတတ်တော့ မဝတ်မနေရဆိုတော့ လဲ အကို့ အကျ အုန်းပင် တံဆိပ် ခေါ်လား အဲ့ဒီ ပုဆိုးတွေ ကို အထက်ဆင် မပါပဲ ဝတ်ခဲ့တာပဲ၊ ပုဆိုးတွေက အနံကြီး ကွင်းကျယ် တွေဆိုတော့ လုံးဝတ်တာ၊ ဘယ်လိုမှ လှလှပပ ကျောင်းသွားတဲ့ နေ့ရယ် ဆိုတာ မရှိခဲ့၊ ၁၀ တန်းအောင် တက္ကသိုလ် တတ်ပြန်တော့ လုံချည် တိုတိုတွေ ဝတ်တဲ့ ခေတ် ကို ရောက်လာရော၊ ကိုယ့် အကြိုက် အမေ့လုံချည် တွေ အားလုံးကို အပေါ်က တီရှပ်၊ အောက်က လုံချည် တိုတို လုံးဝတ် ထားတာနဲ့ အံဝင်ဂွင်ကျပဲ၊ အပေါ်အင်္ကျီ အရောင် နဲ့ လုံချည်မလိုက်လဲ ဝတ်တာပဲ၊ နောက်ပိုင်း အစ ပျော့ပျော့တွေ ပေါ်လာတော့ ကိုယ့် အမေက သူ့သမီးလေး လှစေချင်လို့ ဝယ်ပေး၊ ဝတ်ခိုင်း ပေမဲ့ ဘယ်လိုမှ အဆင်မပြေတဲ့ အတွက် ကိုယ့် အမေရဲ့ ပါတိတ်လုံချည် တွေ နဲ့ ပဲ ကျောင်းပြီးခဲ့တယ်၊ နောက်ပိုင်း ကျမှသာ စကပ်လုံချည် ဆိုတာတွေ ပေါ်လာတာ၊ အဲဒီအချိန်မှာ ကိုယ်က အလုပ် လုပ်နေပြီ ဆိုတော့ အဲ့လို လုံချည် တွေ နဲ့လဲ အဆင်မပြေပြန်ပါဘူး၊ နေရာတကာ လျှပ်ပြာပြာ၊ ဂျမ်းတော တယောက်ဟာ အဲ့ဒီ သုံးလွှာ လုံချည် စကပ် နဲ့ ခဏခဏ ဒူး တုတ် လဲ မလိုတွေ ဖြစ်ခဲ့တယ်၊ အပေါ်က ဖိချုပ်ထားတဲ့ နေရာလေး တွေ တခုမှ အကောင်းမရှိဘူး၊ ပြဲထွက် ပြုတ်ထွက် တွေ ချည်းပဲ၊ လုံချည် အကြောင်းကို ဒီထက် ရေးရင် လဲတာ ကွဲတာတွေပါ ပါလာနိုင်တဲ့ အတွက် နောက်တခုပဲ ထပ်ရေးတော့မယ်၊

နောက်ထပ် အကြိုက်တခု ကတော့ ကော်ဖီ၊ လက်ဖက်ရည်ပါ၊ မြန်မာပြည်မှာ နေတုန်းကတော့ လက်ဖက်ရည်ပဲ ပိုကြိုက်တယ် ပြောရမယ်၊ ကော်ဖီကတော့ အိမ်မှာနေရင်းပဲ သောက်တာ၊လက်ဖက်ရည်ပဲ အသောက်များတယ်၊ မိန်းကလေး ပီပီ လက်ဖက်ရည်ဆိုင် ထိုင်တတ်ပါတယ် :D၊ ကိုယ့်မှာ မိန်းကလေး ဖေါ်လဲ ရှားတော့ အိမ်မှာနေရင်း လက်ဖက်သုတ်စား ဂျင်းသုတ်စား မရှိဘူး၊ ကြိုက်လဲ မကြိုက်ဘူး၊ မောင်တွေ အကို တွေ အပြင်ထွက် ကိုယ်လဲ လိုက်ပါတယ်၊ မောင်တွေ ကလဲ အမ တယောက် ဆိုတာထက် တိုင်ပင်ဖေါ် အကို တယောက်လို ဘယ်သွားသွား ခေါ်ပါတယ်၊ ဘယ်နားက လက်ဖက်ရည် ကောင်းတယ် ဆိုတဲ့ အသံ ကြားတာ နဲ့ သွားသောက်တတ်ပါတယ်၊ အခု ဒီရောက်တော့ ဖုကောင့် တွေ မှာ ရောင်းတဲ့ လက်ဖက်ရည် ကို မသောက်နိုင်ဘူး၊ တခုခု လိုနေသလိုပဲ၊ အဲ့ဒီတော့ အိမ်ကို ကော်ဖီမှုန့် မှာသောက်တယ်၊ ဘယ်လောက်တောင် သောက်သလဲ ဆို အိမ်မှာ နေတဲ့ နေ့ဆို ခဏခဏကို သောက်မိပါရော၊ အတူ နေတဲ့ ဗီယက်နမ် မလေးဆို ကော်ဖီ ကြိုက်တာ သိတဲ့ အတွက် သူတို့ ဆီက ကော်ဖီမှုန့်ကို ဖျော်စရာ ခွက်တွေ ဘာတွေက အစ ပို့ပေးပြီး သောက်စေတယ်၊ အသက်ကြီးရင် ကျန်းမာရေး ထိခိုက်မယ် ကော်ဖီ တွေ အများကြီး မသောက်နဲ့ နော် လို့ ပြောတဲ့ သူတွေကိုလဲ အင်းပါ၊ ဟုတ်ကဲ့ပါ ပြောပြီး သောက်တာပါပဲ၊ ခုလဲ ကော်ဖီ သောက်ရင်း စာရေးနေတာပါ၊

ကိုယ့် အကြိုက်ကတော့ ဒီလောက်ပါပဲ၊ နောက် အကြိုက် တခု ကတော့ မရေးတော့ဘူး၊ ရေးရင် ဝိုင်း ပြောကြမှာ သေချာနေလို့၊ စားစရာပါပဲ၊ အားလုံးကို မစားတော့ဘူး ဖြတ်တော့ မှာပါ ပြောထားပေမဲ့ စားနေတုန်း၊ စားနေဆဲ၊ စားလတ္တံ ဖြစ်နေတဲ့ အတွက် မစားနဲ့တော့ နော်လို့ ပြောလာမဲ့ သူတွေ အတွက် အင်းပါ၊ ဟုတ်ကဲ့ပါလို့ ခုစာထဲကနေ ကြို ကာ ထားလိုက်ပါတယ်၊

ညီမငယ် ဇွန်မိုးစက် ရေ မမ အကြိုက်တွေ က ဒီလောက်ပါပဲ၊ နောက်တခါ တဂ်ရင် မကြိုက်တဲ့ အကြောင်းလေး တဂ်ပါ၊ ရေးစရာတွေ အများကြီး ရှိပါတယ်...း)

နှင်းတွေကို တမ်းတ နေသူ

စိတ်ထဲမှာ နှင်းတွေ ကျနေတယ်....
အပြင်မှာ မိုးတွေ ရွာနေတယ်...

ရင်ထဲမှာ အရမ်း အေးချင်တယ်...
အပြင်မှာ ပူလောင်ပြီး ချွေးထွက်နေတယ်...

စိတ်ထဲမှာ တောင်ပေါ်က မြို့လေးကို ပြန်ပြီး နှင်းတောထဲ လမ်းလျှောက်ချင်တယ်..
အပြင်မှာတော့ မိုးရွာပြီး ထီးမပါတော့ ဟိုပြေး ဒီပြေးပေါ့...

မိုးရေထဲ လမ်းလျှောက်ဖူးသလား...
မျှော်လင့်ချက်တွေ စိမ်းလန်း လာတဲ့ အထိ..
သက်တန့် တခု ကို မော့ကြည့်ဖူး သလား...
စိတ် အစဉ်တွေ ဖြူစင်သွားတဲ့ အထိ....

မိုး....မိုးရွာတယ် ဆိုတာ အေးချမ်းတဲ့ သဘောလို့ ယူ ဆရင် ကိုယ့် အတွက် တော့ အမှားပဲ.....
မိုးတွေ ခဏခဏ ရွာတယ် နော်...ကိုယ် မိုးတွေ ကို မချစ်တတ်ဘူးလေ၊ ကိုယ်ချစ်တတ်တာ နှင်းပွင့်လေး တွေ တဖွဲဖွဲ ကျနေတဲ့ ဆောင်းဥတုလေ၊ စိတ်ကူးတွေ ယဉ်လွန်းလိုက်တာ..လူ နဲ့ မလိုက်..အဲ့လို တွေ ဖြစ်လွန်းလွန်း လို့ မှတ်သလား ဆိုပြန်တော့လဲ.......

မျှော်လင့်ချက်တွေ စိမ်းလန်း လာမလား ဆိုပြီး မိုးရေထဲ လျှောက်တာပဲ...ဒါပေမဲ့ ကိုယ့်အတွက် မဟုတ်ခဲ့ဘူးလေ၊ စိတ်အစဉ်တွေ ဖြူစင်မလား ဆိုပြီး သက်တန့် တွေ ကို မော့ကြည့်ခဲ့တာပဲ...ဒါပေမဲ့ ကိုယ့်အတွက် မဟုတ်ခဲ့ ပြန်ဘူးလေ၊ မိုးကလဲ သူ့ သဘာဝ အရ သူ့အလုပ်သူ လုပ်နေသလို သက်တန့် တွေ ဟာလဲ ကိုယ် နဲ့ ပြဒါး တလမ်း သံတလမ်း ပဲလေ...

ဒါဆို ကိုယ်က ဘာတွေ လုပ်နေတာလဲ မရနိုင် မမြင်နိုင် တဲ့ နှင်းတွေ ကို တမ်းတ နေသူပေါ့.....

ဆက်လျှောက်ပါရစေ.....

ပန်းလေးတွေ ပွင့်တိုင်း လောက ကြီးက လှမှာလား…။ ငှက်ကလေးတွေ မြည်သံကြားတိုင်း လောကကြီး သာယာမှာလား…။ နေရာတိုင်းမှာတော့ ပန်းလေးတွေပွင့်၊ ငှက်ကလေးတွေ အော်နေတယ်..။ ကိုယ် ပန်းလေးတွေ မချစ်တတ်ဘူး… ငှက်လေးတွေကို ကြောက်တတ်တယ်..။ ဒါပေမယ့် ပန်းပွင့်လေးတွေ အပင်မှာ ပွင့်နေရင် ဘဘောကျတယ်။ မြင်နေရရင် စိတ်ကြည်နူးတယ်..။ ပြုစုပျိုးထောင်ဖို့ ကိုယ်မလုပ်နိုင်ဘူး။ စိတ်ကသိနေတယ်။ ဒီပန်းလေးကို လှပစွာ ဖူးဖို့၊ ပွင့်ဖို့၊ အသီးသီးဖို့၊ ရေလောင်းပေါင်းသင်ဖို့ မကြည့်နိုင်ဘူး။ အပင်တွေ စိုက်ချင်တယ် ဆိုပြီး ဒါတွေ မလုပ်နိုင်ဘူးဆို ကိုယ်ဘာလုပ်ဖို့ လိုနေသလဲ…။

ပန်းဆိုတဲ့ ပန်းလေးတပွင့် လှပစွာ ပွင့်လာဖို့ ဥယျာဉ်မှုးတစ်ယောက် ရှိနေတယ်။ ဒီပန်းလေး မြေဆီလွှာထဲကနေ အပင်ပေါက်လေး ဖြစ်လာဖို့ မြေကြီးကို တူးဆွပေးရတယ်။ အပင်ပေါက်လေးကနေ အကိုင်းအခက်တွေ စုံလင်စွာ ထွက်ပေါ်ဖို့ ဂရုစိုက်ပေးရတယ်။ အကိုင်းအခက်ကနေ အဖူးလေးတွေ ဖြစ်လာပြီဆို ထိခိုက်မှု မရှိအောင် ကာကွယ်ရပြန်တယ်။ အဖူးလေးက တဆင့် ပွင့်လာတဲ့ အထိ တဆင့်ခြင်း ဂရုစိုက်လာရတဲ့ ပန်းလေးတပွင့်ကို အချစ်ဆုံးက ဘယ်သူဖြစ်နိုင်လဲ။ ဥယျာဉ်မှူးပဲပေါ့..။ သူ့ ပန်းလေး လှပစွာ ပွင့်လာမှာကို အရိပ် တကြည့်ကြည့် နဲ့ ကြည့်နေမှာ…။

ပျော်နေမှာလား…၊ ဝမ်းနည်းနေမလား…၊ သတိရနေမလား… မေးခွန်းပေါင်းများစွာနဲ့ အတွေးတွေ ဒီလို သောကြာနေ့လေး တနေ့ ရောက်လာပြီ..။ ကိုယ့်အတွက်တော့ ဒီ အတွေးတွေက နှိပ်စက်လွန်းတယ်.။ဘယ်သူ့ကိုမှ မထိခိုက် မိပေမယ့် ကိုယ့်စိတ်ကတော့ ထိခိုက်နေတာ ကိုယ်အသိဆုံးပဲ။

အဲဒီအတွက် ဘာတွေ လုပ်နေလဲ။ ဘာမှ မလုပ်နိုင်ပါ…။ အတတ်နိုင်ဆုံး ရယ်နေပါတယ်။ ရယ်နေလို့ အကောင်းမထင်နဲ့ ဆိုတဲ့ စကားကိုလဲ ခဏခဏ ပြောနေမိတယ်။ ရုပ်ရှင်လေးကြည့်ကြည့်… ဂိမ်းလေးဆော့ဆော့… စာအုပ်လေး ဖတ်လဲ ဒီအတွေးတွေ ထွက်မသွားဘူး...။ ပျောက်မသွားဘူး..။ ဘုရားရှိခိုး၊ ပုတီးစိပ်၊ တရားထိုင်လဲ မလုပ်နိုင်ပါဘူး။ ဘုရားပန်း ကပ်၊ ရေချမ်းကပ် နိုင်ရုံလောက်ပါပဲ…။ အဲဒီအတွက် ဝမ်းနည်း သတိရနေတော့ရော…။ ကိုယ်ကြိုက်လို့ ဆုံးဖြတ်ပြီး လျှောက်ခဲ့တဲ့ လမ်းလေ..။ အဆင်မပြေဘူး။ နောက်ပြန်လှည့်ပါ… မပြောနဲ့။ ခေါင်းမာမာ၊ ဂျစ်ကန်ကန်၊ ပြန်မပြော နားမထောင် တစ်ယောက် ဖြစ်နေခဲ့တာလေ။

ဆက်လျှောက်ပါရစေ…။


ပျော်စရာ မွေးနေ့လေး ဖြစ်ပါစေ။

တွေးလိုက် ရေးလိုက်...

ကိုယ့် ဘဝဟာ အချိန် ရထား သယ် ဆောင်ရာကို တွန့်တွန့်ဆုတ်ဆုတ် နဲ့ တရွတ်ဆွဲ လိုက်ပါနေသူ မဟုတ်ပဲ အထက်တန်းတွဲ မှာ အခန့်သား ထိုင်ပြီး စိတ်လိုလက်ရ လိုက်ပါလာသူ တယောက်ပဲ..

ကိုယ့် ရထားတွဲက အထက်တန်းကျပေမဲ့ အထက်တန်းကျကျ မစီးရတဲ့ ခရီးဖေါ်တွေ ရဲ့ ဘဝ နဲ့ ခရီးစဉ်တလျှောက် ဖြတ်သန်းတွေ့ကြုံ ရတဲ့ ဝန်းကျင် အနေအထားတွေကို မျက်စိ ရဲရဲ ဖွင့်ပီး မြင်အောင်ကြည့် သိအောင်တွေးပါတယ်၊ နားလည်အောင် လုပ်တယ်၊

ဘဝက ထူထူလို့ ပြောရလိမ့်မယ်၊ ဘဝရဲ့ အဆင်မပြေမှုတွေကို လူငယ်ပီပီ တခါတရံ စိတ်ပျက်လိုက်၊ ညည်းတွားလိုက်၊ တခါတရံ တက်ကြွလိုက်၊ ပေါက်ကွဲလိုက်၊ လောကဓံ ရဲ့ သံစဉ်ရိုးအတိုင်း ခံစားနိုင်ရင် ကောင်းတာပေါ့၊

စိတ်အစဉ်တွေကိုလဲ စာတွေ အဖြစ်ချရေးမိသလို ၊ သူများစိတ်တွေကိုလဲ လိုက်ဖတ်မိတော့ လူတွေကို သိချင်းမသိချင်းက သိတ်တော့ ပဓာန မကျပါဘူး၊ တခါတရံ လူချင်းမသိပဲ ကလောင်အမည်ကိုပဲ ရင်းနှီး၊ စာတွေ ကဗျာတွေ ကိုပဲ ကြိုက်နှစ်သက်ရတာက ပိုပြီးတော့ ကောင်းသလိုလို ရှိတယ်၊

လူချင်းတွေ သိတော့ရော..ရင်ဘတ်ချင်း တူသူတွေ ဖြစ်လာတော့ ရင်းနှီးမှု တွေ ၊မျှဝေမှုတွေ ၊ ခံစားချက်တွေ ၊ အတွေးအခေါ်တွေ၊ ညှိနှိုင်း၊ ဆွေးနွေး ၊တိုင်ပင် အဲ့သလို လဲ ကောင်းတာပါပဲ၊

တခါတလေ ကိုယ့် ကိုယ်ကို မုန်းမိတာ တခုက သူတို့ ပြောတဲ့ စကားတွေ ကို ကောင်းကောင်း နားမလည် သေးသလိုပဲ၊ အသံထွက်တွေ တော်တော် စိမ်းနေသေးသလိုလို၊ တဖြည်းဖြည်း နဲ့ နေ့ပေါင်း ရက်ပေါင်း သတ္တပတ်ပေါင်း များလာတာနဲ့ အမျှ စကားတွေကို ခွဲခြားတတ်လာခဲ့တယ်၊ နားလည် လာတယ်၊ ရင်းနှီးမှုတွေ ပိုလာတယ်၊

အဲ့သလို ပိုလာရင်း....ပိုလာတော့....

တလွဲဖြစ်နေတဲ့ ကိုယ့်အကြောင်း

ကိုယ့်အတွက် ဖြစ်ချင်နေတာတွေ တပွေ့တပိုက်ကြီး။ ဖြစ်လာမှာလား… ဖြစ်လာမှာပါ။ ကိုယ်ဒီအသက်အရွယ် ရောက်တဲ့အထိ ကိုယ်ဖြစ်ချင်တဲ့အရာတွေ အကုန်လုပ်ခဲ့တယ်လေ။ ဖြစ်လာခဲ့လား မေးရင် ဖြစ်ခဲ့ပါတယ်။ မဖြစ်ဖြစ်အောင်လဲ လုပ်တာကိုး… တစ်ခုခု ဖြစ်ချင်ပြီး ဆိုရင် တဇွတ်ထိုး၊ မှန်တာ မှားတာက နောက်ပဲ။ အဲ့လိုတွေ လုပ်လို့ မှားခဲ့ပေါင်း မနည်းခဲ့ဘူး။ အမှားလုပ်ခဲ့တာတွေ မှန်အောင်ပြန်ပြင်ခဲ့သလို အမှားတွေ အတွက်တော့ နောင်တ မရခဲ့ဘူး။ လဲကျသွားလို့ ပြန်ထခဲ့ ရတဲ့ အကြိမ်ပေါင်းလည်း မနည်းဘူးလေ။

စိတ်ဓာတ်ကို ကြည့်ဦးမလား။ အရမ်းမာကျောသလို အရမ်းလည်း နူးညံ့ပျော့ပျောင်းတယ်။ မငိုတတ်ဘူး ဆိုပေမဲ့ ခဏခဏ မျက်ရည်ကျတတ်တယ်။ မျက်စိအားနည်းလို့ ထင်ပါရဲ့။ မျက်မှန်အသစ်လဲ မလုပ်နိုင်သေးဘူးလေ။ တခါတလေ ကိုယ့်စိတ်ကို နားမလည်သလို တခါတလေ သူများကိုလဲ နားလည်မပေးဘူး။ တခါတလေလည်း နားလည်ချင်ယောင် ဆောင်တတ်ပါတယ်။ အဲဒါ ဟန်ဆောင်တာ မဟုတ်ဘူး၊ မျှဝေယူတာ…. ခံစားပေးတတ်တယ်၊ ကူလွမ်းပေးတတ်တယ်၊ ပျော်ပေးတတ်တယ်၊ စိတ်ညစ်ပေးတတ်တယ်၊ အားပေးတတ်တယ်၊ အဲလိုတွေ ပြောပေးတတ်တယ် ဆိုတော့ နှုတ်ချိုသလား ဆိုလည်း မချိုပါဘူး။ အပေါက်ဆိုးပါတယ်။ စကားပြောချင်သူတွေနဲ့ဆို တတွတ်တွတ် စာအံသလို ပြောနေတတ်ပြီး မပြောချင်ဘူးဆို အာစေးထည့်ထားသလို ပါးစပ်မပွင့်တော့။ တစုံတခုအတွက် သည်းခံပြီးလားဆို အဲဒီအတွက် ရိုက်၊ပုတ်သွားတောင် ငြိမ်ခံနေတတ်တယ်။ သည်းမခံနိုင်တော့ဘဲ အတေးအမှတ်တွေ ကိုယ့်စိတ်ထဲ ပေါ်လာရင်တော့ ပြုံးပြုံးလေးပါပဲ။ “ဟင်” ဆို လှည့်မကြည့်တော့ဘူး။ စိန်တွေ ရွှေတွေ ပုံပေးပါစေ။ NOဆို NOပဲ။

အပေါင်းအသင်းနည်းပါတယ်(အရင်တုန်းက)။ ကိုယ့်ကိုနားလည်တဲ့သူတွေပဲ အနားမှာ နေနိုင်ပါတယ်။ နားမလည် နိုင်သူက ကြာကြာမနေနိုင်ပါဘူး။ အထင်သေးချင်လည်း သေးမယ်၊ အထင်ကြီးချင်လည်း ကြီးမယ်၊ နားလည်မှုတွေ လွဲချင်လည်း လွဲမယ်၊ ဂရုမစိုက်တတ်ပြန်ဘူး။ ဒါပေမယ့် လူချစ်လူခင် များပါတယ်။ ကိုယ်ကတော့ သိပ်မချစ်တတ်၊ မခင်တတ်၊ ဒါပေမယ့် ချစ်ပြတတ်တယ်။

အကြွေးလား…. အကြွေးတွေလဲ များပါတယ်။ ဆပ်ပြီးပြီးလားဆို မဆပ်နိုင်သေးပါဘူး။ ကြိုးစားနေတုန်းပါ။ ချစ်ကြခင်ကြ သူတွေကို မရှိတာ မရှိဘူး ပြောပြီး အကူအညီတောင်းတတ်ပါတယ်။ ကျေးဇူးတင်ပါတယ်ကို ဖွဲ့ဖွဲ့ နွဲ့နွဲ့ မပြောတတ်ဘဲ ရိုးရိုးကျေးဇူးတင်ကြောင်းပဲ ပြောတတ်ပြန်တယ်။

အစားအသောက်လား…. မတရားဂျီးများတယ်။ ငတ်ပေါင်းလည်း မနည်းတော့ဘူး။ ဟင်းချက်တတ်သလား ဆိုပြန်တော့ ကိုယ်ကြိုက်တာတွေ ကိုယ်ချက်တတ်ပါတယ်။ ချက်လည်း စားပါတယ်။ မကြိုက်တာကို ကြိတ်မှိတ် မစားမိ။ ချက်လဲ မချက်မိတဲ့အတွက် ဟင်းမချက်တတ်ဘူး ဆိုတဲ့ အဖြေက ပိုမှန်နေပါတယ်။ ကြိုက်တာကိုတော့ ခုချိန်ထိ စားနေတုန်းပဲ။ ဘယ်သူမှ မတားနိုင်သေးဘူး။ ကိုယ့်ဘာသာတော့ ဆင်ခြင်နေပါတယ်။ လျှော့စားတယ်လေ…။ အသက်ကြီးလာလို့ သွေးတိုးစာတွေ၊ အချိုစာတွေ ပြောတာပါ။ တလွဲ မတွေးပါနဲ့။

အလုပ်လား….။ ရှာနေတုန်းပါပဲ။ ကိုယ့်မောင်လေး လူပျိုကြီးပြောသလို ကျောင်းတက်စားတာ နှစ်နှစ်ကျော်နေပြီး။ အခုမှသာ အလုပ်ကိုအသဲအသန် ရှာနေရတာ။ ခု အလုပ်လုပ်နေကြတဲ့ မောင်လေး၊ ညီမလေးတွေက သူတို့ အားလုံး အလုပ်ကိုယ်စီနဲ့ ဆိုတော့ အေးအေးဆေးဆေးပဲ ကျောင်းတက်စားပါ လို့ ပြောလာပေမယ့် မဖြစ်သေးဘူးလေ။ အခုဒီလိုပြောနေကြတာကလည်း အားလုံးက တစ်ယောက်တည်း သမားတွေ ဖြစ်နေလို့ပေါ့၊ နောင်နှစ်ယောက် ဖြစ်လာကြရင် ကိုယ့်ကို ဖုတ်လေတဲ့ငပိ ရှိတယ်လို့တောင် ထင်မှာ မဟုတ်ဘူး။း)

ဘာလုပ်တတ်သလဲ မေးဦးမလား….။ အိမ်မှုကိစ္စ ကလွဲရင် ဟိုစပ်စပ် ဒီစပ်စပ် အကုန်တတ်တယ် ပြောရမလိုပဲ။ ကွန်ပြူတာလား… ဖွင့်တတ်၊ ပိတ်တတ်၊ ဘလော့ရေးတတ်တယ်လေ။ ကျန်တာ ဘာမှမတတ်။ သူများကိုမေးပြီးမှ ဟိုနှိပ် ဒီနှိပ် နှိပ်ဆို နှိပ်တတ်တယ်။ ဓာတ်ပုံလေးများ ဇစ်ဖိုင်လေးနဲ့ မပို့နဲ့၊ နှိပ်ချင်တာတွေ နှိပ်မိပြီး ဘာပုံမှ မထွက်လာတာ အခါခါ။ အဲဒီလိုတော်ချက်။

တရုတ်စကား တတ်လားမေး…။ “ဝေါ် ပု ကျိ တောက် ” တစ်လုံးထည်းနဲ့ ကျောင်းက တရုတ်မတွေနဲ့ ပြောလာတာ နှစ်နှစ် ကျော်နေပြီး။ ခုတော့ နဲနဲပါးပါး (တကယ်တော့ တစ်လုံးစ၊ နှစ်လုံးစ) ပြောတတ်တယ်ပေါ့။ သင်ပေးတဲ့ ဆရာမလေး နဲ့ စာအုပ်ပေးထားတဲ့ သူတွေ မငြူစူအောင် ကြိုးစားကျက်မှတ်ပါတယ်။ (တစ်ပတ်မှာ တစ်ရက်)း))

လုပ်ချင်တာတွေ၊ ဖြစ်နေတာတွေ၊ ဖြစ်ချင်တာတွေ ရေးနေတာနဲ့ ကိုယ့်မကောင်းကြောင်းတွေ ကိုယ် တော်တော်ရေးမိသွားပြန်ပြီ။ ရေးချင်တာက ကိုယ့်စိတ်ထဲမှာ ဖြစ်ချင်နေတဲ့ အကြောင်းအရာတွေ မဖြစ်ဖြစ်အောင် လုပ်မယ်ဆိုတဲ့ စိတ်လေးကို ရေးဖို့၊ ခုတော့…… “ကိုယ့်ဂုဏ် ကိုယ်ဖော် မသူတော်”