တန်ဆောင်မုန်း လပြည့်ကျော် တရက်ဆိုတာ ကျီးမနိုးပွဲ လုပ်ကြတဲ့ သူခိုးကြီးများညပေါ့လေ၊ ကိုယ်တွေဆီမှာဆို ဒီချိန် အကိုတွေ မောင်တွေနဲ့ အတူ ထမင်းတွေ ဟင်းတွေ ချက်စားတာတွေ သတိရမိတယ်၊ သူများတွေ ဘာတွေ ခိုးလဲ လိုက်ကြည့်ကြတယ်၊ ခုလဲ အဲ့ဒီအကြောင်းလေးကို အရင်းပြုပြီး ညီမလေး တယောက်က သတိပေးတာနဲ့ ကျမ သူများကဗျာလေးတွေ ခိုးဖို့ ကြံစည်မိပါတယ်၊ ကဗျာပိုင်ရှင်တွေကတော့ ခွင့်လွှတ်မယ် ထင်ပါတယ်( ထင်တာနော်)။ ခိုးသာခိုးချင်တာ နက်ဖြန် စာမေးပွဲ ရှိနေတော့ စာအရင်ကြည့်နေတာနဲ့ ခိုးဖို့က နောက်ကျနေတယ်။
ပထမဆုံးခိုးလာတာတော့ ကျမရဲ့ ချစ်စရာ ကဗျာဆရာမလေး အိန္ဒြာ ဆီကပါ၊ သူ့ ရေးတဲ့ ကဗျာတွေ ကျမ တော်တော် ကြိုက်ပါတယ်၊ ကိုယ်မရေးတတ်သမျှ သူ့ဆီ သွားသွားဖတ်ပြီး ခံစားပါတယ်၊ ကြိုက်တဲ့ ကဗျာတွေက များနေတော့ ဘယ်ဟာ ခိုးလို့ ခိုးရမှန်းမသိ ဖြစ်နေတယ်၊ ကျမကြိုက်မိတဲ့ ကဗျာတွေက ရပ်ထားချင်တဲ့ အတွေး၊ တစိမ့်စိမ့် ခါးသက်နေခဲ့တယ်၊ အလွမ်းစက်လက်၊ ဘ၀သင်ပုန်း၊ ကြယ်အ ' တေး'၊ အဲ့ဒီ ငါးပုဒ်လုံး ခိုးချင်သော်လည်း မဖြစ်သေးတဲ့ အတွက် အလွမ်းစက်လက် ဆိုတဲ့ အကြိုက်ဆုံးထဲက တပုဒ်ကို ခိုးလာပါတယ်၊
အလွမ်းစက်လက်
ကိုယ့် သန်းကောင်ယံတွေကို လှုပ်နိုး၊
ကိုယ့် အိမ်မက်ကို ပန်းလို ပျိုး ခဲ့တဲ့
ဂစ်တာသံ အ၀ါလေးဟာ
အဲဒီ့ ဂျင်းပင်(န်) အပြာလေး ပဲဖြစ်မှာပါ။
ညနေတွေတိုင်းက ကြည်ပြာ
ရှိန်းမြ တစ်ကိုယ်ရည် အတွေး
ကိုယ့် ရင်ခုန်ကဖေးလေးရှေ့ ဖြတ်လျောက်ဖို့
မင်း အကြည့်တွေကို
မြားလို ရိုင်းမပြစမ်းနဲ့ ကောင်လေးရယ် ။
ကိုယ့် ခြေသံတွေက
မင်း ခြေသံကို..မှ.....ချူချ လိုက်ချင်သတဲ့
ကိုယ် ချဲ့ထွင်ခဲ့တဲ့လမ်းလေးက
မင်းတစ်ကိုယ်စာ
မျှော်လင့်ခြင်းဆိုတာမှာ
သက်ပြင်းတွေ ဖြာနေတတ်ပါသလား....
မင်း သတင်းကို
သီချင်းလို ကိုယ် ဆိုခဲ့မိပေါ့။
အချိန်ကို ရထားလိုစီးပြီး
ဒီခရီးကို ကိုယ်နှင်လာခဲ့ပြီ
ရာသီတွေဘယ်နှစ်ခါ ယွန်းယွန်း.....
ကိုယ့် မျက်ဝန်းထောင့်စွန်းလေးမှာ ပျက်ကွက်
ကိုယ့် အလွမ်းစက်လက်ပန်းချီကား...
နာ ဖျား ကွဲ ကြေ ။
ကောင်လေးရေ...
ငါ က ........
အချစ်ကို
မင်း နဲ့မှ ချို ချင်နေခဲ့တယ် ။ ။
အိန္ဒြာ(၂၀၀၇ ခုနှစ် အချစ်ဂျာနယ်)
နောက်ကဗျာတပုဒ်ကတော့ ကျမရဲ့ မောင်လေး ဆောင်းချမ်းမိုး ဆီက ခိုးလာခဲ့တာပါ၊ လူကသာ ၀၀တုတ်တုတ် ရေးလိုက်တဲ့ ကဗျာတွေကတော့ လူနဲ့ တခြားစီပါ၊ နုနုရွရွလေးတွေ၊ လူပုံကို အဝေးနေကြည့်ရင်တောင် ကဗျာဆရာရုပ်ပေါက်နေတဲ့ ရုပ်ပါ၊ သူ့ကဗျာလေးတွေလဲ ကျမ ကြိုက်မိပါတယ်၊ သူ့ကဗျာလေး ခံစားကြည့်ရအောင်နော်၊
ရင်တမြေ့မြေ့ လွမ်းငွေ့ဝေတယ်
တစ်ယောက်တစ်ကမ္ဘာစီ
ခွဲခွာနေရခြင်းကိုတော့
ဘယ်သူမှ
ရင်မဆိုင်လိုပါ။
မခွဲခွဲအောင်
တေ့တေ့ဆိုင်ဆိုင် လုပ်နိုင်တာလဲ
ကံကြမ္မာပဲ ရှိတယ်။
တလှည့်မှာ ဝေး
တရွေ့မှာ ဝေး
တကွေ့မှာ ဝေး
ဘယ်လိုပဲဝေးဝေး
တစ်နေ့ ပြန်ဆုံကြမယ်လို့ပဲ
ယုံကြည်တယ်။
တအိအိ သတိရခြင်းတွေမှာ
ပြီးရင်ပြီးရော သဘောမရှိတဲ့အခါ
ကိုယ်သတိရရင်
သူ
သတိရမယ်
အဲဒီလိုပဲ
တွေးလိုက်တယ်။ ။
ဆောင်းချမ်းမိုး
နောက်တယောက်ကတော့ တိမ်ညိုတွေ ပြိုသွားတဲ့ ကောင်းကင် ဘလော့ပိုင်ရှင် စိတ်ရဲ့ စေရာကို နာခံသော ကဗျာဆရာ မိုးမြင့်တိမ် ဆီကပါ၊ သူလဲ စိတ်မဆိုးလောက်ဘူးထင်ပါတယ်၊ စကားလုံးတွေ ကြွယ်ဝတယ်၊ တခါတလေ သူ့ကဗျာတွေ ကျမ နားမလည်ဘူး၊ ဘာကိုဆိုလိုချင်တာလဲ ဆိုတာ ၂ရက် ၃ရက် စဉ်းစားယူရတယ်၊ သူ့ကဗျာတွေ ထဲမှာ သူရေးချင်တဲ့ အကြောင်းအရာကို အမြဲဝှက်ပြီး ရေးတတ်တယ်၊ အဲ့လို အတွေးတွေ အမြဲပေးတတ်တဲ့ သူ့ဆီမှာလဲ ကျမကြိုက်တဲ့ ကဗျာတွေ အားကြီးပဲ၊ အဲ့ထဲက ရွေးခိုးလာတာကတော့ စိတ္တဇ တဲ့။
စိတ္တဇ
စိတ်တွေ....
ယောက်ယက်ခတ်နေကြတယ်..။
ဘာတွေဖြစ်လာမှာလဲ..
ဘာတွေဖြစ်ဦးမှာလဲ..
ဘာတွေဖြစ်နေကြလဲ..
မေးခွန်းတွေ..
အဲဒီ့မေးခွန်းတွေ..
အဖြေမရှိဘူး ။
ထာဝရမမှန်နိုင်တဲ့ အမှန်တရားတွေအတွက်
ငါ့ရင်ခွင်က ပြန်ပြန်ဖြေနေခဲ့တဲ့တစ်ခွန်းတည်းသောအဖြေ
မင်းလေ...သိပ်ညံ့တယ် ။ ။
ထောင်ချောက်တွေ..
မာယာတွေ..
လိမ်လည်မှုတွေ..
ဖုံးကွယ်မှုတွေ..
အမြစ်ပါနှုတ်ခံလိုက်ရတဲ့ ယုံကြည်မှုတွေ..
အနာဂတ်အတွက် မတွေးချင်ဘူး
အတိတ်ကိုလည်း ဆွေးနေတုန်း
ပစ္စုပန်မှာ ငါဟာအထီးကျန်နေတယ် ။ ။
စိတ်တွေ..
အဲဒီ့စိတ်တွေ...
ယောက်ယက်ခတ်နေကြတယ်..
တစ်စုံတစ်ခုကို ငါသိတယ်..
ဒါပေမယ့် ငါမသိဘူး..
တစ်စိတ်တစ်ပိုင်းကို ငါကြားတယ်..
ဒါပေမယ့် ငါ့နားနဲ့မဟုတ်ဘူး..
အခြေအနေတစ်ခုကို ငါမြင်တယ်..
ဒါပေမယ့် ငါ့မျက်စိနဲ့မဟုတ်ဘူး ။ ။
စိတ်တွေ...
အဲဒီ့စိတ်တွေ...
ငါ့ကိုနှိပ်စက်နေကြတယ်...
ကိုယ့်ကိုယ်ကိုယ် ချစ်နိုင်ဖို့..
ငါ....ကြိုးစားရဦးမယ် ။ ။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
ကျမရဲ့ စာမျက်နှာပေါ်မှာ ဒီလိုနေ့မျိုး အမှတ်တရအနေနဲ့ သူတို့ကဗျာလေးတွေ ခိုးလာမိပါတယ်၊ ခွင့်လွှတ်ပေးမယ်လို့လဲ ထင်ပါတယ်၊ လာဖတ်တဲ့ သူတွေလဲ ၀ိုင်းပြောပေးသွားဦးနော်....း)
ရင်ခွင့်မဲ့ ငှက်တကောင်
1 hour ago



24 comments:
ဟုတ်လာဖတ်သွားတယ် သတိတယ
မကြီးရေ..အလွမ်း ကဗျာလေးတွေ လာဖတ်တယ်။ အားလုံးကြိုက်တယ်။
သြော် လေ .. နာမယ် ပျက်ခံပြီး ခို လာ ရတယ်လား ။ သာခို ပွဲပေါ့ ... တစ်ခု ခို လဲ ခို တာပဲ နှစ်ခု ခိုလဲ ခိုတာပဲ ဆို များများသာ ခို လိုက် လို့ ပြောမလို့  ပါ ..
...ခိခိ..
ကျနော်တို့တာဝန်အရ ရောက်လာရတာပါ
ကဗျာခိုးလာတယ်ဆိုလို့
အဲဒါအခုချက်ချင်းလိုက်ခဲ့ပါ
စခန်းရောက်မှရှင်း :P
ကဗျာပိုင်ရှင်များခင်ဗျား
လုံးဝကိုခွင့်မလွတ်ကြပါနဲ့
ထိုက်တန်တဲ့အပြစ်ပေးကြပါ :P
အမှတ်တရအနေနဲ့ကျနော်လည်းကဗျာတစ်ပုဒ်
လက်ဆောင်ပါးချင်ပါတယ်
အပိုင်ပေးတာဖြစ်တဲ့အတွက် ဒီကဗျာကိုကြိုက်တဲ့နေရာ ကြိုက်တဲ့အခါသုံးနိုင်ပါတယ် ပုံနှိပ်စာအုပ်အဖြစ်
ထုတ်လိုကလည်းထုတ်နိုင်ပါတယ် ရလာတဲ့အကျိုးအမြတ်ကိုလည်း ကျနော်တပြားမှယူမည်မဟုတ်ပါ
ဒီကဗျာရဲ့နာမည်က “ဟောဟဲ”ဖြစ်ပါတယ်..
.......ဟောဟဲ.........
အဲဒီတစ်ည..အိပ်မက်ကိုကိုယ် မမက်ခင်မှာပဲ
အိပ်မက်ကကိုယ့်ကိုပြန်မက်ခဲ့တယ်
....အမှောင်ရောင်တွေအတိ
အလင်းထွန်းညှိထားတဲ့ အဲဒီတညမှာ
ဥက္ကာအစိုင်အခဲတွေ တအိအိနဲ့ပြိုဆင်းလို့ပေါ့
ကိုယ့်မှာအိပ်မက်နဲ့ပြေးပြီး အိပ်မက်နဲ့မောလိုက်ရတာ...
...ဟောဟဲ......ဟောဟဲ... ။
(ကဗျာလေးကတော့ဒါပါပဲခင်ဗျာဖတ်ရှုသူအပေါင်းကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေသော်ဝ် :P)
တန်ဆောင်မုန်းလပြည့်ကျော် တစ်ရက်နေ့ထဲက
အမှတ်တရ ကဗျာလေလးတွေက ခံစားချက်အပြည့်နဲ့မို့..
ဖတ်လို့ကောင်းတယ်..
ပျော်ပါစေခင်ဗျာ
လေးစားစွာ
လင်းကြယ်ဖြူ
ဟိဟိ.. သူခိုးကြီး.....း)
မမပြာပြာရာ
ညလေးတို့ မျက်နှာကို အိုးမဲ သုတ်ရလား .... :P
မမပြာပြာ
ဒီညီမလေးတွေ မျက်နှာဘယ်နားတွားထားရမလဲ
ရှက်ထှားP
မမအိန္ဒြာကဗျာလေးဆိုလို့ စိတ်ဝင်တစားလာဖတ်ပါတယ်။ ခိုးသွားတဲ့ကဗျာလေးတွေ အားလုံးက ကောင်းလိုက်တာ ။=)
ပြန်လည်ဝေမျှပေးတာ ကျေးဇူးပါနော်။
စခန်းမှူးရောက်လာပါတယ်
အခင်းဖြစ်ပွားချိန်က ဘယ်အချိန်ပါလဲ
ကြံရာပါတွေက ဘယ်သူပါသေးသလဲ
ခိုင်လုံတဲ့ ထုချေလွှာမတင်နိင်ရင် သင့်ကိုထုချေရပါလိမ့် မယ် :)
(ငယ်ငယ်က ဒီလိုညတွေ ပြန်သတိရမိတယ်)
Idea ကတော်တော်လေးကောင်းတာပဲ
ကဗျာကြိုက်တဲ့ကျွန်တော်ကဗျာတွေကိုဖတ်ပြီးခံစားသွားပါတယ်။ တကူးတကသွားခိုး(မှီညမ်းရန်အတွက်ဖန်တီး) ပေးသော ကောင်းကင်ပြာကိုလဲကျေးဇူးအထူးတင်ပါတယ်။ ပျော်ရွှင်ဖွယ်လမြတ်တန်ဆောင်ဖြစ်ပါစေဗျာ
ညီမ ရယ် သူခိုးဖြစ်တော့မှာပဲ
ဟေ့....
"ကောင်လေးရေ..
ငါက..
အချစ်ကို မင်းနဲ့မှ ချိုချင်နေခဲ့တာ.."
ဆိုတာကိုကြိုက်တာမလား..အေ့..
သိဒယ်သိဒယ်...
သူငယ်ချင်းရေ...
ကိုယ့်ကဗျာလေးတွေကို ဒီလို အမှတ်တရ ရှိနေတာအတွက် အရမ်းကျေးဇူးတင်ဂုဏ်ယူရပါတယ်..။
နောက်လဲ လာသာလာခိုးပါ မသိချင်ယောင်ဆောင်နေပေးပါ့မယ်...။
ချစ်တဲ့..
အိန္ဒြာ
ခိုးသွားတဲ့ ကဗျာတွေကြား
တစိမ့်စိမ့်ဖြစ်ထွန်းသွားတဲ့အတွေး
ကဗျာကြားမှာပဲ မျောလွင့်သွားပြန်တယ် .. ဟဲ
မကြီး ပြောသွားတာ ဟုတ်တယ်ပေါ့ မမပြာ ..။
ခင်မင်စွာ
idulize(အရုပ်ကလေး)
အခုလို ကဗျာလာခိုးသွားတာ
ကျေးဇူးအများကြီးတင်ရှိပါတယ်..
ကျေနပ်ပါတယ်..ကျေနပ်ပါတယ်
တစ်ပုဒ်ထဲခိုးသွားရသလားဗျာ
တစ်ဘလော့လုံး ခိုးသွားပြီးတာပဲ..:P
အမရေ
ဒီလိုရက်လေးမျိုးမှာ ဒီလို အမှတ်တရလေးဖြစ်သွားအောင် လုပ်တတ်တဲ့ အမရဲ့စိတ်ကူးကို ချီးကျူးပါတယ်အမရေ။ ကျွန်တော့်ကဗျာလေးကိုအမှတ်တရ ဖော်ပြပေးတဲ့ အတွက်လဲ ကျေးဇူးတင်ပါတယ် အမရေ။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
ဩော်... ဒီလိုလား
အဲလိုလည်းရလား.. မသိလိုက်လို့ပေါ့ကွာ..
သိများသိလို့ကတော့လေ.. ကဗျာတင်မဟုတ်ဘူး လူကိုပါ ချုးလာခဲ့မှာ..းP
အထင်မလွဲပါနဲ့.. ကဗျာခိုးရင် ကဗျာပဲရမှာလေ..
လူပါခိုးရင်တော့.. လိုက်ဖတ်စရာ မလိုတော့ဘူးပေါ့..
ကဗျာတွေပဲရေးခိုင်းပြီး.. မန်မန်တော့ ကျွေးဘူး..P
အဲဒါပဲ.. ကိုလို ဥစ္စာမဲ့တွေအတွက်ကတော့ ဒါမျိုးကို ပူပါဘူး..ဟီးဟီး..
ပျော်ရွှင်ပါစေ
ခင်မင်စွာဖြင့်
စည်သူ။
ဝတုတ်တုတ်ကဗျာဆရာရဲ့
ကဗျာတွေအများကြီးခိုးရမှာ
မမပြာရဲ့
လပြည့်ကျော်သွားဘီ... ပြန်ပို့ပေးလိုက်တော့လေ... ကဗျာတွေကို..........
းဝ)
အဖိုးတို့လို ဘူးသီးတလုံးလုံး မခိုးဘဲ တ၀က်ပဲ ခိုးသလို ကဗျာလည်း တ၀က်ပဲခိုးခဲ့ရမှာ.. ကဗျာက ဘူးသီးသဘောမျိုးဆိုရင် ကဗျာနဲ့တွဲဖက်စရာ အရက်ကရောရင်....
ခိုးတတ်လိုက်တာ မကြီးရေ...
ကဗျာတွေ သိပ်ကောင်းတယ်။ အဟုတ်
Post a Comment