ဘယ်နေရာလေး သွားသွား၊ ဘာလေး ဖတ်ဖတ် အားအားနေ လွမ်းနေတတ်တဲ့ ကျမ ခုလဲ ဆရာမ ခင်ခင်ထူး ရဲ့ အညာသူ အညာသား ကျွန်မ ဆွေမျိုးများ ဆိုတဲ့ စာအုပ်ဖတ်ပြီး အလွမ်းမင်းသမီး ကျမလေ လွမ်းနေမိပြန်ပြီ။
ဘာတွေလွမ်းပြီး ဘာတွေတွေးနေလဲဆို....
ကျမ အဖေ နဲ့ အမေ ၂ယောက်လုံးက အညာသူ အညာသား စစ်စစ်တွေပါ၊ အဖေက နတ်မောက်ဟိုးဘက် စက်ဘီးတွေ ဘာတွေ တောင် ငယ်ငယ်တုန်းက မမြင်ဖူးပါဆိုတဲ့ ရွာလေးကပါ၊ ဘုန်းကြီးကျောင်းမှာ စာသင်ရင် ကျောင်းအိပ် ကျောင်းစားလုပ်ရင် မနက်နိုးဖို့အတွက် အုန်းသီး ခေါင်းအုံး အိပ်ခဲ့ရတယ်တဲ့၊ အဲဒီရွာ လေးကို ကျမ ငယ်ငယ်က တနှစ်တခေါက်ရောက်တယ်လေ၊ အမေကတော့ မကွေးတိုင်းထဲက တောင်တွင်းကြီး ဆိုတဲ့ မြို့ပေါ်ကပါ၊ တောင်တွေ မြောက်တွေတော့ ကျမ မခေါ်တတ်လို့ မသေချာမှာစိုးလို့ မှတ်သိသလောက်လေး လွမ်းရတာ။
ကျမ တို့ ငယ်ငယ် စာမေးပွဲ ပြီးတဲ့ ရက်ဆို အမေက အညာ ပြန်ဖို့ အတွက် ကားလက်မှတ် ကြိုဝယ်ထားပြီး ညနေ ကျောင်းဆင်းတာနဲ့ ကားပေါ်တန်းတက် အညာမြေကို ခရီးထွက် ရတယ်၊ ကျောင်းပိတ်ရက် အားလုံး အမေ့မြို့ နဲ့ အဖေ့ရွာ မှာ နေပြီး နက်ဖြန်လို ကျောင်းပြန်ဖွင့်မယ်ဆိုမှ ဒီနေ့လိုမှာ ရန်ကုန်ကို ပြန်ခဲ့ ရတော့ ကျမတို့ လဲ အညာသူ တပိုင်းပေါ့လေ၊ အညာမြေရဲ့ ထနောင်းရိပ်တွေ၊ လက်ပံပင် ရိပ်တွေ၊ မန်ကျည်းပင် ရိပ်တွေဆိုတာ ကျမနဲ့ ရင်နှီးနေခဲ့တယ်၊ အဖေ ဘက်က အဘိုး ကို မွေးကတည်းက မမြင်ဖူးခဲ့ပေမဲ့၊ အမေဘက် က အဘိုးရော အဘွား ၂ယောက်လုံး ရှိနေသေးတော့ ပေတရာ ပတ်လည် အဘိုး၊ အဘွားရဲ့ ၀ိုင်း ထဲမှာ ကျမတို့  မောင်နှမ တတွေ သောင်းကျန်းနေကြပေါ့၊ ကျမ တို့ ရောက်ပြီဆို ရွာက အဘွားကလဲ မြို့ ပေါ် တက်လာပြီး ကျမ တို့ကို သူ့ရွာ လိုက်ဖို့ လာခေါ်တတ်ပါတယ်၊ အမေဘက်က အဘိုး အဘွားနဲ့ အဖေ ဘက်က အဘွားတို့ ရဲ့ မြေး လု တဲ့ ရန်ပွဲလေးတွေလဲ မကြာ ခဏ ကြုံခဲ့ရတယ်၊
အဖေ့ရဲ့ ရွာ အကြောင်း ဆက်ရေးရင် ....
ရွာကတော့ ရွာကြီးပါ မူလတန်း ကျောင်းလေး တကျောင်း ရှိတယ်၊ ဘုန်းကြီးကျောင်း ၄ကျောင်း၊ အရှေ့ကျောင်း၊ အနောက်ကျောင်း၊ တောင်ကျောင်း၊ မြောက်ကျောင်းဆိုပြီး ရှိတယ်၊ ရွာတွေ ရဲ့ ထုံစံလို ဖြစ်နေတဲ့ အရှေ့၊ အနောက်၊ တောင်၊ မြောက် မတည့်တာတွေလဲ ရှိတယ်၊ ရေလဲ ရှားတယ်၊ သောက်ရေဆို အရှေ့ကျောင်းမှာပဲ ရတယ်၊ ညနေဆို ရေခပ်ဆင်းတဲ့ ရွာသူလေးတွေလဲ စုံလို့ အိုးလေးတွေ ခေါင်းပေါ်ရွက်၊ စကားတပြောပြောနဲ့ သွားနေကြတဲ့ အထဲ ကျမလဲ အမျိုးတွေကြားလိုက်ခဲ့ဖူးတယ်။
မနက်မိုးလင်း နိုးလာရင် အဘွား ကျမတို့ မောင် နှမတတွေ စားဖို့ ကောက်ညှင်းပေါင်းရင် ပေါင်း မပေါင်းရင် ကျမတို့ သိပ်ကြိုက်တဲ့ မုန့်ပျားသလက် အဖြူ၊ အနီ ၂မျိုး ၀ယ်ထားတတ်တယ်၊ ဒါမှ မဟုတ် အညာ မုန့်ဟင်းခါးပေါ့၊ မုန့်ဟင်းခါး ဆိုလို့ ရန်ကုန်က မုန့်ဟင်းခါးတွေ လို အရည် သောက်မဟုတ်ပါဘူး၊ ပဲဟင်း ချက်ပြီး မုန့်ဖတ်နဲ့ စားရတဲ့ မုန့်တီ သုတ်လို ဟာမျိုးကို ဆနွင်းရောင် တ၀င်းဝင်း ဆီချက်တွေ များများနဲ့ပေါ့၊ ကျမကတော့ မိန်းကလေး ပီပီ မုန့်ဟင်းခါး မစားပါဘူး၊ မုန့်ပျားသလက်ပဲ စားပါတယ်၊ တရွာလုံးဟာ လှည့်ပတ်ပြီး ဆွေးမျိုးတွေဆိုတော့ ကျမတို့ ရောက်ပြီဆို ဟိုအမျိုးအိမ်က ရေနွေးသောက် ခေါ်၊ ဒီအမျိုး အိမ်က ထမင်းစား ခေါ်နဲ့ နေခဲတဲ့ တလလောက်က ကိုယ့် အဘွားအိမ်မှာ ကိုယ် ထမင်းစားရတာ နဲပါတယ်၊ အဘွားက နောက်ဆုံး အမျိုးတွေ ကို လာမခေါ်ဖို့ အော်လွှတ်မှ အိမ်မှာ ထမင်ဝိုင်း လက်ဆုံ စားရတော့တယ်။
အမျိုးတွေကလည်း ကျမတို့ ရောက်ပြီဆို လယ်ထဲသွား ၊ တောထဲသွား တွေ့သမျှ ဖွတ်၊ ပဒတ် ၊ လယ်ကြွက် က အစ အလွတ်မပေး ဖမ်းလာပြီး ကျမတို့ မောင် နှမတွေကို ကျွေးတတ်တယ်၊ ကျမ ကတော့ ကြောက်လို့ မစားပါဘူး၊ ကျမ သဘောကျတာက ဆိတ်ကျောင်းထွက်တဲ့ အချိန်ပါ၊ ဦးလေးတွေနဲ့ ဆိတ်ကျောင်းလိုက်ပါတယ်၊ ဆိတ်ကျောင်း လိုက်ရင်း တောထဲမယ် ဆိတ်ကလေးတွေ မွေးတာလဲ စောင့်ခဲ့ရဖူးတယ်၊ ပန်းမျိုးစုံလဲ ခူးခဲ့ဖူးတယ်၊ တောပန်းလေးတွေပေါ့၊ ကလေးဆိုတော့ တောထဲလဲ ကြောက်ရမှန်းမသိ၊ လန့်ရမှန်းမသိ လျှောက်သွားတာပဲ၊ အဘွားဝိုင်းထဲက မန်ကျည်းပင် ဆိုလဲ ကျမ မတတ်ဖူးတဲ့ မန်ကျည်းပင် မရှိပါဘူး၊ လွယ်အိတ် တလုံး စလွယ်သိုင်းပြီး မန်ကျည်းရွက် ပြည့်အောင် ခူးပြီးမှ ပြန်ဆင်းလာတတ်ပါတယ်၊ အောက် က အဘွား ဘယ်လောက်ခေါ်ခေါ် အိတ် မပြည့်မချင်း မဆင်းပါဘူး၊ အဲလို ငယ်ငယ်ထဲက လူကြီးတွေ ပြောစကားဆို နားထောင်တတ်တဲ့ ကျမပါ၊
မနက်လင်းလို့ ဘကြီးတွေ လယ်ထွန်သွားရင်လဲ ကျမ လိုက်တာပါပဲ၊ လယ်ထွန်နေတဲ့ တလျှောက် ထွန်တုံးလိုက်စီးတတ်ပါတယ်၊ နေ့လည်စာအတွက် အဘွား ထမင်းလာပို့ရင်း အော်တော့မှ ထွန်တုံးပေါ်က ဆင်းပြီး ထမင်းကြမ်းကြမ်း ကြီးနဲ့ ခရမ်းချဉ်သီးချက် ကို အားပါးတရ စားခဲ့တာ ခုချိန်ထိ သတိရနေမိတုန်းပါ......အဲ့ အရသာကို မှီတဲ့ ထမင်း ကျမ ခုထိမတွေ့သေးဘူးထင်တယ်လို့ ရေးရင်း တခန်းရပ်ပါမယ့်ရှင်။
ရေးမယ်ဆို အများကြီး ပါ၊ ဖြေးဖြေးခြင်း ရွှေညာကို လွမ်းပါရစေရှင်......
ရင်ခွင့်မဲ့ ငှက်တကောင်
1 hour ago



20 comments:
ကောင်းကင်ပေါ်လည်း မော်မကြည့်အား ခလုတ်တိုက်မိမှာစိုး လူသူတွေက သုတ်သုတ်နဲ့ လုပ်ငန်းခွင်သို့ဝင် ရင်နာဖွယ်ရာ ပလတ်စတစ်ကောက်တဲ့ ကလေးများပြေးကာလာ သခင်ကြည့်ဖြူအောင် ခွေးကြီးကဝိုင်းပြီးဟောင်တယ်နော် ဒို့မြို့တော်ရှု့ခင်းက ရှည်ကြာသေချာ ဘာမှမပြောင်းလဲဘူး အညာကိုပြန်ချင်တယ် တိုင်းရေးကခက်ခဲ့သလို့ လွမ်းရေးကပိုခက်လို့ ဝမ်းရေးအပိုလိုချင်မိတယ် စောင့်သူမောရော့မယ် .....
မှတ်ချက်
အညာကိုပြန်ချင်တယ် သီချင်းဆိုသွားသည်
အများကြီးလွမ်းပါ ညီမလေး
အညာ ကို ချစ်တယ်
ဖြည်းဖြည်းချင်းလွမ်းပါ..စောင့်ဖတ်ပါ့မယ်။
တောကိုသွားရင် ရုပ်ရှင်မင်းသား မင်းသမီးတွေလို ဝိုင်းကြည့်ကြတာသိလား။ ပြီးတော့...လေအေးအေးတွေ..မျက်စိတဆုံးမြင်နေရတဲ့စိုက်ခင်းတွေ..အရမ်းစားလို့ကောင်းတဲ့ ခရမ်းချဉ်သီးငပိချက် ၊ ပဲရည်ပွကြော် နဲ့ ကိုင်းထဲကလတ်လတ်ဆတ်ဆတ်ခူးလာတဲ့ တို့စရာတွေ..ပြီးတော့..အားးးးသတိရလိုက်တာနော်...
တောရနံ့ သင်းသင်းလေးရမိတယ်ဗျ။တကယ်ပါ။ဖတ်ရင်းနဲ့ လေ။
တောရနံ့ ကတကယ်ရှိတ်ာဗျ။ ခံစားဘူးမှသိကြတာ။အနီးစပ်
ဆုံး ကျွန်တော်မှန်းပြောနိုင်တာကတော့  လတ်ဆတ်ပြီး
လန်းဆန်းနေတာပါလို့ ။ မန်ကျီးရွက်သုပ်ကလည်းစားကောင်း
မှာပါ။ရုပ်ဝါဒ၊ရုပ်ဝါဒီတွေကြားထဲမှာ အနေကြာလာရလို့ 
အခုလို ငယ်ဘဝ ကြည်းနူးစရာလေးတွေ ပြန်ဖတ်လိုက်ရတော့ 
ပျောက်ဆုံးနေခဲ့ တဲ့  လတ်ဆတ်မှုလေးတွေ ပြန်ရတော့ တာပေါ့ 
ဆက်ရေးပေးပါအုံးလို့ ....။
1st visit!
ကိုသီဟသစ် ဆီမှာ ဖတ်ပြီး၊ မမKOM ရဲ့ link ကနေတဆင့် ရောက်လာတာ။
"အညာသူ အညာသား ဘလော့ဂါများ" ခေါင်းစဉ်နဲ့ post တစ်ခုလောက် တင်ရင် ကောင်းမလားလို့။
:)
အင်း.. ဟုတ်တယ်.. ငယ်ငယ်က ရွာမှာနေခဲ့တာတွေကို တွေးမိပြီးတော့လွမ်းတယ်.. ရွာဘ၀ကိုချစ်တယ်...း)
ဟေ့ တို့လည်း
အညာသားစစ်သဟေ့
ရန်ကုန်သူ ရန်ကုန်သားတွေက ကိုယ်တွေကိုပြောတဲ့ အညာလေသံ ဆိုတာများ ဖျောက်ကို မဖျောက်ဘူး
ဘူဂရုစိုက်ရမှာတုန်းနော
လွမ်း၏ အညာကို၊ အမျိုးတွေရှိတဲ့ ရွာကို မရောက်တာ ဆယ်စုနှစ် တစ်ခုကျော်ပြီ..
ခင်မင်စွာဖြင့်
သီဟသစ်
ကျွန်တော်ကတော့ တောသားလေးပါခင်ညာ။
နေပူပူဖုတ်တထောင်းထောင်းမှာ ပုဆိုးလေးတွေခြုံပြီး ရိုးပြတ်တွေကို နင်းခဲ့ဖူးပါရဲ့။
လသာသာညတွေမှာ အကိုကာလသားတွေနဲ့ တရွာဝင်တရွာထွက် လူပျိုလှည့်ဖူးပါရဲ့။
ရွာလုံးကျွတ် လှည်းတန်းရှည်ကြီးတွေနဲ့ သွားကြတဲ့ ဘုရားပွဲတော်တွေလည်း ကြုံဖူးပါရဲ့ဗျာ။
ပြောရင်း တောကို လွမ်းလိုက်တာ...
ဝက်ထီးကန်သား
တောဆိုတာ မြို့သူမြို့သားတွေ ခဏတဖြုတ် အလည်သွားလို့ကောင်းပေမယ့် တကယ်တော့ သူတို့ဘ၀က ၁၂ရာသီ နွားနဲ့ရုန်း ဆန်ကြမ်းနဲ့စား ဒီနေရာမှာပဲ ခေါင်းချရတာပါ။ သူတို့မှာ ရှိတာဆိုလို့ ရိုးသားခြင်းတခုပဲ။ အဲဒါကြောင့် တော ဆိုတာ ချစ်စရာကောင်းနေတာ။ ဆရာမ ခင်ခင်ထူး ၀တ္တုလိုမျိုးလေး ရေးရင် ပိုဖတ်လို့ကောင်းမယ်။ နောက်တခေါက်ကျရင် ပိုပြီး စိတ်ဝင်စားစရာကောင်းတဲ့ စာလေး ဖတ်ချင်တယ်
ရွှေညာသို့လွမ်းချင်းတဲ့လား..
မမေ့သောအညာ
ကိုယ့်ရပ်ဌာနေ
ဖိုးတောင်သူ့တဲ
တို့ရွာကျောင်းကခေါင်းလောင်းသံ
စာဥ
တမာလမ်း
တောသူရွာမို့
တို့တောရွာ
... သြော်..ကိုယ့်ရပ်ကိုယ့်ရွာ ကိုယ့်ဌာနေ ကိုယ့်ကျေးလက်မြေကို အဘယ်သူမလွမ်းပဲ ရှိအံ့နည်း..။ လွမ်းချင်းလွမ်းဖွယ် အသွယ်သွယ်ကို လွမ်းနယ် ဘယ်တော့ဆုံးလိမ့်မည်နည်း။
ဖတ်ရင်းနဲ့ လွမ်းစလွမ်းနပေါ်ခဲ့သည်မို့ အလွမ်းလက်ကျန်နဲ့ပဲ ဟိုး..အညာက ကျနော့်ရွာလေးကို လွမ်းငွေ့တဝေေ၀ လွမ်းလို့နေမိပါတယ်ဗျာ ..။
ကျနော်တိုကအမျိုးတွေရှိတဲ့ ရွာမှာလည်း တကျောင်းနဲ့ တကျောင်း ကိုးကွယ်ကြသူတွေ မတည့်ကြဘူးတဲ့...
းဝ)
P.S. လွမ်းတာတောင် အဲလို ဖြည်းဖြည်းချင်းလွမ်းလို့ရလား...
ဟာ.. ကောင်းပါ..
ပျော်ပါ့ကွာ..
ဒီမယ်.. ငါတို့လည်း တောသားတွေပါကွ
ခုလိုမျိုး အမျိုးတွေ တွေ့ရတာ ပျော်တယ်ဟ.. လာလာ ဒီမယ် ရေနွေးကြမ်းလေးသောက်အုံးဟ..
ဒီမယ်..
မယ်ပြာ နင်က ထွန်တုံးစီးတာကိုပြောလို့ ငါလည်း သတိရသွားတယ်.. ကွန်တုံးစီးရင်း မျှော့တွယ်တာ ပြောမနေတော့ဟာ.. ငါကလည်း မျှော့ဆို ကြောက်တယ်ဟ..
လွမ်းလည်းလွမ်းပေါ့
လွမ်းလည်း မလွမ်းနဲ့
နဲနဲပဲလွမ်း
များများမလွမ်းနဲ့
နဲနဲလွမ်းရင်
နဲနဲပဲခံစားရမှာ
များများလွမ်းရင်
များများခံစားရမှာ.
နှစ်မျိုးမတွေးနဲ့နော်
တစ်မျိုးထဲရေးသွားတာ..
နှစ်မျိုးတွေးရင်တော့..
ဒန်းန့်းဒန်ပဲ..း)
ပျော်ရွှင်ပါစေ
စည်သူ။
ဝိုင်းဖွဲ့ပါဝင်လွမ်းသွားပါကြောင်း။
တူမကြီးက အညာသူကိုး
ဟိဟိ ကျုပ်တူလည်း အညာသားပဲတော့။
စိတ်ကူးမလွဲပါနဲ့အေ။
ဒေါ်လေး
ဒေါ်ကောင်းကင်ပြာ
မောင်လေး သတိတယနဲ့  လာဖတ်သွားပါတယ်
မြန်မာဓလေ့ အညာမြေလေးအကြောင်း လာဖတ်သွားပါတယ်။ ကျွန်တော့်အဘိုးက လည်း ညောင်ရမ်းက အညာသားစစ်စစ်ပါ။ ဒီတခေါက်လဲ အိမ်ကိုပြန်ရင်း အဘိုးရဲ့ အညာကို သွားလည်မိခဲ့သေးတယ်။ပျော်ရွှင်ပါစေဗျာ။
တစ်ခါလောက်တော့ လိုက်ချင်လိုက်တာမကြီးရာ
အညာကိုလေ တစ်ခါမှရောက်ဖူးဘူး . . . အမတို့ 
ကျပြောစရာကျန်တာပေါ့ . . . ကျွန်တော်တို့ မှာအလို
ပြောစရာဘာမလည်းမရှိဘူး . . . ပျော်စရာကြီးနေမှာဘဲ
ကျနော့်အဖွားတွေ နေတဲ့ရွာကိုလည်း သတိရသွားမိတယ်။ ရွာသွားလည်တိုင်း လမ်းမှာတင် ပျော်နေတတ်တာပဲ။
ရွာရောက်ရင်လည်း အမျိုးတွေရဲ့ စေတနာ အပြည့် ချက်ထားတာလေးတွေ စားပြီး အရသာမမေ့နိင် ခဲ့ပါဘူး
ထပ်ဆက်ပါအုံး
အညာရောက်ဖူးတယ်ရှိအောင် ဖတ်ရင်းနဲ့ ပုံဖော်မယ်။
အော....ကလူထွင်းကြီးပြောတဲ့အခန်းဆက်နဲ့လွမ်း
ဆိုတာ
ဒါကိုပြောတာကိုး:)
လာအားပေးသွားတာကျေးဇူးပါပဲမမပြာ
မမပြာလဲပျော်အောင်နေနော်
ခဏခဏမငိုနဲ့နော်
ကျွန်တော်လည်းအညာသားပါပဲ
မိတ္ထီလာကလေ
ငယ်ငယ်ကစာသင်ခဲ့ရတဲ့တောကျောင်းလေးကိုသတိရတယ်
တပေါင်းလ ပုန်းမကျည် တင်၇င် ပိုပြီးသတိရတယ်
အညာရဲ့ဒလေ့ကိုလေ
Post a Comment