မိုင်တိုင်တခု အတွက် ပြာသော ကောင်းကင် (သို့) ကောင်းကင်ပြာ

ကျမ စာတွေ ဖတ်ပါတယ်၊ စာဖတ်တာ ဘာဆန်းသလဲ၊ စာဖတ်တာ ကောင်းပါတယ် ပြောကြတယ်၊ ကောင်းလဲ ကောင်းပါတယ်၊ ဒါပေမဲ့ ဖတ်ပြီး အသုံးချမှ ကောင်းမယ်လို့ ထင်တယ်၊ ကျမက စာဖတ်ပြီး နှပ်နေတတ်တဲ့ သူတယောက် မဟုတ်တဲ့ အတွက် စာတွေ ချရေးမိတယ်၊ အစက ဘယ်သူမှ ပြဖို့ မဟုတ်ပါဘူး၊ ဘယ်သူမှ ပြဖို့ မဟုတ်ရင် ဘာလို့ ဒီမှာ လာရေးနေလဲ၊ ကိုယ်ဘာသာ စာအုပ်ထဲ ချရေးထားပေါ့၊ အဲလိုလဲ မဟုတ်ပြန်ဘူး၊ ကျမ စိတ်ဝင်စားတာလေးတွေ ၊ ခံစားချက်လေးတွေ တချို့ စိတ်ဝင်စားမယ် ထင်လို့ပါ၊

ကျမ ရေးတဲ့ စာတွေထဲမှာ ရင်ထဲက ထွက်ပေါ်နေတဲ့ ခံစားချက်၊ ရင်ထဲမှာ ဖြစ်ပျက်နေတာတွေကို နားလည်သလောက် ချရေးတာပါ၊ ကျမ မိုက်မဲတာ၊ ထင်ရာ မြင်ရာတွေလဲ ပါမှာပါ၊ စာဖတ်တယ် ဆိုပေမဲ့ စာဖတ်အား နည်းပါသေးတယ်၊ ဗဟုသုတ လဲ နည်းတယ်၊ အဲ့ဒီတော့ ကျမ စာတွေကို ရသစာပေ၊ သုတ စာပေ၊ အကျိုးပြုစာတွေ ဘာတခုမှ အမည်မတပ်ရဲပါဘူ၊ ကဗျာတွေ ရေးတတ်သလားဆိုတော့လည်း မရေးတတ်ပါဘူး၊ တောင်ခြစ် မြောက်ခြစ် လျှောက်ခြစ်ရင်း ကဗျာလိုလို စာလိုလို ဆိုတာတွေ ဖြစ်လာတာ၊ ကျမ ဟိုးအရင် ပို့စ်တွေ မှာ ရေးဖူးသလိုပဲ၊ သူများတွေ အတွက်တော့ မသိ ၊ ကျမ အတွက်တော့ စာတပုဒ် ဖြစ်ဖို့ဆိုတာ ခုထိ ခက်နေတုန်းပါ၊ လက်တန်းလဲ မရေးနိုင်ပါဘူး၊ အရင် စာရွက်ထဲမှာ ရေးပြီးမှ စက်ပေါ် တင်နိုင်တာပါ၊ ကြုံတဲ့ နေရာ ကြုံသလို၊ ရထားပေါ်၊ ကားပေါ် မှာတော့ ရေးတတ်တယ်၊ ကျမ ရေးတာတွေဟာ ဘာဗဟုသုတ အချက်အလက်မှ မပါပါဘူး၊ အချက်အလက်တွေ ဆိုတာ အသေတွေပဲလို့ ကိုယ်ဘာသာ ခံစားမိလို့ ခံစားမှု တွေပဲ ပါမှာပါ။

ကျမရဲ့ စာတွေဟာ ကျမရဲ့ ဒိုင်ယာရီ သဘောမျိုး ဖြစ်နေတယ်၊ တခါတလေလဲ စဉ်းစားမိတယ်၊ ကိုယ့်စာတွေကိုယ် ဝေဖန်မိတယ်၊ ငါ့စာတွေဟာ ဘယ်သူ့မှ အဆိပ်အတောက် မဖြစ်တာတော့ သေချာတယ်၊ ဒါပေမဲ့ စာလာဖတ်သူတွေကို ရသတွေ ပေးနိုင်လား " နိုး " သုတတွေ ပေးနိုင်လား " လုံးဝပဲ " အကျိုး ရောပြုစေသလား " ဝေးသေးတယ် " နောက် တဖက်က ပြန်စဉ်းစားပြန်တယ်၊ ကျမက အလွမ်းတွေ ရေးတော့ လာဖတ်သူတွေရဲ့ အလွမ်းလေးတွေနဲ့ တိုက်ဆိုင်လို့ သတိရသွားရင် သတိရသူတွေ အတွက် ကောင်းတာပေါ့၊ နောက် ကိုယ်တိုင် ဗဟုသုတ နည်းတော့ သုတ စာပေဆိုတာ ရေးကို မရေးရဲပါဘူး၊ ဘာမှ မသေချာပဲ၊ မလုပ်ချင်၊ မရေးချင်တဲ့ စိတ်ကြောင့်ပါ၊ အကျိုးပြု စာတွေ ဆိုတာကရော၊ အင်း...ကိုယ်က အကျိုးပြုစေဆိုပြီး ဘယ်လောက် ရေးရေးပါလေ၊ စာဖတ်သူတွေက ဒီ အကျိုးပြုတယ် ဆိုတဲ့ စာကို လိုက်နာ ကျင့်သုံးနိုင်မှ အကျိုးပြုတယ် ဆိုတာ ဖြစ်လာမှာလေ၊ ကျမ ထင်တာ မှားချင်လဲ မှားနေမယ်၊ ကျမ ကိုယ့် ကိုယ်ကို ဝေဖန်ရင်း ကိုယ် မရေးနိုင်တာကို ကာကွယ်ကြည့်နေတာ။

အဲ့လိုတွေ မရေးနိုင်ရင် ငါ စာမရေးတော့ဘူးလား လို့ ကိုယ်ဘာသာ မေးကြည့်မိတယ်၊ ကျမ က စာရေးဆရာ တယောက်မဟုတ်ပေမဲ့ စာရေးနေသူ တယောက် ရဲ့ စိတ်ပဲလေ၊ ဘယ်နေမှာလဲ ၊ ရေးနေမှာပဲ၊ ရေးလို့ ရသလောက်၊ ဒီ အင်တာနက်ဆိုတာကြီး နဲ့ မဝေးကွာသရွေ့ ရေးနေမှာပဲ၊ ရေးချင်လွန်းလို့ တောင် အခု ကျမရဲ့ co.cc က တနှစ်ပြည့်လို့ ငွေပေး သက်တမ်းတိုးရမဲ့ အတူတူ ကောင်းကင်ပြာ.info ဆိုတာတောင် ကျမရဲ့ မောင်ငယ်လေး ၂ယောက်ရဲ့ အကူအညီနဲ့ ၀ယ်ထားပြီး ဆက်ရေးနေဦးမှာ၊ ကျမ စာရေးလာတာ ၂နှစ်ပြည့်တော့မယ်၊ ခု ကောင်းကင်ပြာ ဘလော့လေးကတော့ ၁နှစ်ပြည့်သွားပီ ပေါ့၊

ဒီရက်ပိုင်း မှာပဲ ကျမရဲ့ စာရေးချင်စိတ်ကို ပိုပြီး တွန်းအားပေးလိုက်တဲ့ စာအုပ်လေး တအုပ်လဲ ဖတ်မိတယ်၊ စာရေးဆရာ ကိုတာ ရေးတဲ့ စာရေးဆရာ တစ်ယောက်ရဲ့ မှတ်စုများ ဆိုတဲ့ စာအုပ်လေးပါ၊ သူ ရေးထားတဲ့ ထဲမှာ စာရေးသူ တယောက်မှာ " အတွင်းဝေဖန်ရေးသမား " ဆိုတာ အမြဲရှိတယ်၊ ဖန်တီးအားကလေးဟာ သံသယ တွေနဲ့ ကျပ်သွားတတ်တာပဲ၊ အတွင်းဝေဖန်ရေးသမား လက်မှ " အတွင်းက စာရေးဆရာ လွတ်မြောက်လာစေဖို့ " နေ့စဉ် မှတ်တမ်းကို အချက် (၇) ချက်နဲ့ အညီ ရေးတဲ့၊ " အတွင်း ဝေဖန်ရေးသမားရန်က အတွင်း စာရေးဆရာ လွတ်မြောက်ဖို့ကတော့ ရေးသာချလိုက် တဲ့ "

စိတ်ဝင်စားစရာပါပဲ...
(၁) လက်သာ လှုပ်နေ၊ မရပ်နဲ့၊ ဘယ်လိုဖြစ်ဖြစ်၊ ဒိုင်ယာရီ ရေးဖို့ တရက်မှာ ၁၀ မိနစ်ပဲ ပေး၊ ဒါဆို နေ့တိုင်း ရေးဖြစ်နေမှာပဲ။

(၂) မထိန်းနဲ့ ၊ ကိုယ်ပြောချင်တာ အတိအကျပြော၊ လူကြိုက်တာ မကြိုက်တာ ကိုယ့်ပုံရိပ်၊ ဒါ ဘယ်သူ ဖတ်မှာလဲ၊ အဲဒါတွေ မစဉ်းစားပဲ ရေး။

(၃) ရှင်းရှင်းလင်းလင်း ရှိပစေ၊ နာမ၀ိသေသန သုံးရင် ပေါ့ပေါ့ မလုပ်နဲ့၊ လူ၊ အရာဝတ္ထု၊ ခံစားမှုတွေကို ဖေါ်ပြရာမှာ အာရုံ စူးစိုက်ပြီး ရေး၊ " တောက်တောက် ပပ အနီရောင် မိနီ " လို့ ရေး၊ ကား လို မရေးနဲ့(အဲဒါ ကျမ သိပ်နားမလည်ဘူး)၊ တယ်လီဗေးရှင်း ဇာတ်လမ်းတွေလို မရေးနဲ့၊ ဘီဘီစီက အိမ်မြှောင် အကြောင်း ဇာတ်လမ်းရေး။

(၄) မတွေးနဲ့၊ မဝေဖန်နဲ့၊ မဆနဲ့၊ အရေးကြီးဆုံးက မရပ်လိုက်နဲ့၊ မျှောသာလိုက်၊ ခေါင်းထဲ ပထမဆုံး ရောက်လာတဲ့ အကြောင်းအရာနဲ့ စ၊ အဲဒီက ရှေ့တိုး။

(၅) ပုဒ်ဖြတ်၊ သတ်ပုံ၊ သဒ္ဒါကို မငဲ့နဲ့၊ အသေးစိတ် တွေမှာ တုံ့မနေနဲ့၊ နောက်ပြန်ကြည့်ပြီး ရွှေကို ပြန်တူးလို့ ရတာပဲ။

(၆) အမှိုက်သရိုက်တွေ ရေးချင် ရေးဦး၊ လွတ်လပ်နေတာပဲ၊ ညံ့သွားပစေ၊ ကိုယ့်ကိုယ်ကို ခွင်ပြုလိုက်၊ အတန်းကျပစေ၊ ဆီသည်မ လက်သုပ် ဖြစ်ပစေ၊ မထူးမဆန်း ဖြစ်ပစေ၊ ရေးသာရေး။

(၇) စိတ်လို လက်ရ ရှိတာကိုပဲ လုပ်နော်၊ သက်တောင့် သက်သာ မရှိလှတဲ့ အကြောင်းအရာ တွေထဲမှာ ၀ဲလှည့်မနေနဲ့၊ အရေးအသား ကောင်းဆိုတာ ခက်တယ်၊ နာကျင်မှုကို ရှောင်တဲ့ အရေးအသားဟာ လှချင်လှမယ်၊ ဒါပေမဲ့ ဝေးကွာနေပြီး နားလည်ဖို့ ခက်မယ်။

ဒီ (၇) ချက်ကို ဖတ်မိပြီး ကျမ အားတတ်လာပါတယ်၊ သူ ပြောသလို ရေးဖြစ်ဖို့က အရေးကြီးတာကိုး၊ ဖီလင် ရှိတာ မရှိတာ မဟုတ်ဘူး၊ ရေးနေဖို့ က အဓိကပဲလေ၊ ခု ကျမ ဘလော့လေး တနှစ်ပြည့်သွားပြီ၊ နောက်ထပ် နှစ်တွေ ဆက်ပြီး ကျမ ရေးနေဦးမယ်၊ စာတွေလဲ ဖတ်နေဦးမယ်၊ တောင်ခြစ်မြောက်ခြစ်တွေ လဲ ခြစ်နေမယ်၊ ကြောင်တောင်တောင် တွေလဲ ရေးမယ်၊ ကျမ ရေးနေတာတွေကို ကိုယ့် ကို ချစ်လို့ခင်လို့ လာဖတ်နေသူတွေ၊ အားနာပါးနာ လာဖတ်သူတွေ၊ ဖတ်ချင်လို့ ဖတ်နေသူတွေ အတွက်လဲ ကျမ ရေးနေဦးမှာပါ၊ ကျမ ဘလော့လေးကို လာလည်သူ လာဖတ်သူ အားလုံးကိုလည်း ဒီနေရာလေးကနေ ကျေးဇူးတင်ပါတယ်လို့လဲ ပြောချင်ပါတယ်။

44 comments:

Mogok Thar November 25, 2009 12:22 AM  

ံHpayy one year anniversary!!!!!!!

စာမဖတ်သေးပဲ အရင် တစ်ပါတယ်။

သီဟသစ် November 25, 2009 12:31 AM  

မမပြာရေ

Happy Anniversary ပါ အစ်မရေ

အကျိုးပြုစာပေ၊ ရသစာပေ တွေ မဖြစ်ဖြစ်အောင် ရေးနေဖို့ မလိုဘူး ထင်တာပဲဗျ။

စိတ်ထဲရှိတာရေးပေါ့။ အစ်မပြောသလို ဖတ်သူနဲ့ ခံစားချက်ချင်းတိုက်ဆိုင်ရင် ကိုယ်ပါ ကြည်နူးရတာပ။

နှစ်ပေါင်းများစွာ ပျော်ရွှင်စွာ ဘလော့ဂင်းနိုင်ပါစေသော်


ခင်မင်စွာဖြင့်
သီဟသစ်

Mogok Thar November 25, 2009 12:34 AM  

" အတွင်းက စာရေးဆရာ လွတ်မြောက်လာစေဖို့ "
တဲ့။

တစ်နှစ်ပြည့် အမှတ်တရ ပို့စ်မှာ မှတ်သားစရာ အချက် ခုနှစ်ချက် နဲ့ ပေါ့။

" ပြာရေးချင်တာရေးမယ်။ ပြာ ရေးချင်လို့ ရေးတယ်။ ပြာရေးချင်တာ ရေးတာပဲ ဖတ်။ ပြာမရေးချင်တာတွေတော့ ပြာ မရေးနိုင်ဘူး။ ပြာရေးချင်တာ မရေးရရင် ဒီ ဘလော့ကို ပြာဖြစ်အောင် လုပ်ပလိုက်မယ်။ ပြာတဲ့။ တစ်ပြာထဲ ၇ှိတယ်။ ပြာအတု ပေါ်လာရင် ပေါ်လာတဲ့ ပြာ ကွမ်းယာထဲ ထည့်စားပလိုက်မယ်။"


ကျွန်တော်တို့ ချစ်ခင်ရပါသော ပြာ....
နှစ်ပေါင်းများစွာ ချစ်သောစာတွေနဲံ မခွဲမခွာ နေရပါစေဗျာ။

Happy one year Anniversary!!!!

အပေါ်မှာ တစ်ချင်ဇောနဲ့ စာလုံးပေါင်းမွှားလို့ သိခံ ပြာရေ့။

BLACK DREAM November 25, 2009 12:37 AM  

Everything have their own reasons to exist !!! So there will be also some reasons for your blog's existence, it's only that you don't know or you can't find yet!! But now your diary is already at the Anniversary, existed along with your shadow!!!

Keep Your Skies Blue, Sis :)

HAPPY ANNIVERSARY!!!

သမီးပျို November 25, 2009 12:40 AM  

ကောင်းကောင်းချစ်တဲ့ပြာပြာရေ.....
ပြာ့ရဲ့ တစ်နှစ်ပြည့် အမှတ်တရလေးကို တက်ရောက်ဖတ်ရှုသွားပါတယ် ။ တို့တွေက စာရေးဆရာတွေမှ မဟုတ်တာပဲ ပြာရယ် ။ ရင်ထဲမှာ ရှိတာတွေရေးကြတယ် ။ ၀ါသနာပါလို့ရေးကြတယ် ။ ၀မ်းနည်းရလို့ ရင်ဖွင့်မယ် ။ ပျော်နေလို့ အပျော်တွေ မျှဝေမယ် ။ စိတ်ညစ်လွန်းလို့ ထွက်ပေါက်ရှာတဲ့အနေ နဲ့ ပို့စ်တွေရေးကြတယ်လေ ။ ဘလော့ခ်ဆိုတာ အားလုံးနဲ့ဝေးနေရတဲ့ တို့တွေအတွက်တော့ အနီးကပ် ချစ်သူတစ်ယောက်မဟုတ်လား ။ ပြာ့ကို သိပ်ချစ်တဲ့ချစ်သူလေးက ပြာဘာတွေပဲလုပ်လုပ် အဆင်သင့် ပြာဘေးမှာရှိနေတယ်လေ ။ ရေးချင်တာတွေရေးနော်...ဘာမှမတွေးနဲ့ ဟုတ်ပြီလား ။ အားပေးနေမယ်နော်...

အောင်မြင်ပါစေ ပြာပြာရေ

ခင်မင်လျှက်
သမီးပျို

songchanmoe November 25, 2009 1:16 AM  

စာရေးဆရာနဲ့ ဘလော့ဂါကွာခြားချက်ကလေး ကိုလည်း စဉ်းစားမိတယ်။

ပြီးတော့ .. လူတိုင်းမှာ နိုင်ငံရေးစိတ်ဓါတ်ရှိပါတယ်။ ဘလော့ဂါတိုင်း နိုင်ငံရေးချည်းရေးရမယ်။ ဘာသာရေးတွေချည်းရေးရမယ်။ စိတ်ခံစားမှုတွေချည်းရေးရမယ် မဆိုလိုပါဘူး။ အဲဒါတွေချည်းရေးနေမယ်ဆိုရင်..ဘလော့တွေလိုက်ဖတ်ရတာ အီလာပါတယ်။ အာလုံးတစ်ယောက်တစ်မျိုးစီရေးကြတောဲ့ပန်းပေါင်းစုံပွင့်ဖူးနေတဲ့ ပန်းဥယျာဉ်ကြီးထဲ လျှောက်ရသလိုပဲပေါ့။ ဘယ်လောက်ပျော်စရာကောင်းလဲ။

ဒီအချိန်မှာတောင်ခြစ် မြောက်ခြစ်ပဲ ဖြစ်ဖြစ်၊ အသုံးမ၀င်တဲ့စာကိုရေးတာပဲ ဖြစ်ဖြစ်၊ နောင်တစ်ချိန်မှာ အကျိုးပြုတဲ့စာတွေ ရေးလာနိုင်တာပါပဲ..။ ဘာပဲဖြစ်ဖြစ်ရေးနေဖို့က အဓိကပဲမဟုတ်လား။

တစ်နှစ်ပြည့်မှသည်.. အင်တာနက်သုံးစွဲနိုင်သည့်အချိန်ထိ ကောင်းမွန်တဲ့စာတွေအဖြစ် တိုးတက်ရေးသားသွားနိုင်ပါစေ။

ရိုးသားစွာဝေဖန်သွားပါသည်။
ဆောင်းချမ်းမိုး

စိုင်းစိုင်းလားရှိုး November 25, 2009 1:52 AM  

ရေးသာရေးပါ။ ဘာပဲရေးရေး ရေးသက်ရလာရင် ကလောင်ထက်လာမယ်။ ကလောင်ထက်လာရင် စာကောင်းထွက်လာမယ်။ စာကောင်းထွက်လာဖို့ ရေးသာရေးပါ။ ရေးသာရေးပါ။

တစ်နှစ်ပြည့်မှသည်...... ရှေ့သို့ ရေးသာရေးပါ။

ကိုလူထွေး November 25, 2009 4:04 AM  

"အလွမ်းတွေ ရေးတော့ လာဖတ်သူတွေရဲ့ အလွမ်းလေးတွေနဲ့ တိုက်ဆိုင်လို့ သတိရသွားရင် သတိရသူတွေ အတွက် ကောင်းတာပေါ့"

အဲဒီစာကို ပြန်ဖတ်ကြည့်လေ... အလွမ်းဆိုတာလည်း ရသတခုပဲ ပြာကြီးရဲ့... ကိုယ့်အလွမ်းကို စကားလုံးတွေနဲ့ စာဖတ်သူဆီကူးဆက်သွားအောင် ရေးတတ်တာကို အနုပညာလို့ခေါ်တယ်...

းဝ)

လင်းကြယ်ဖြူ November 25, 2009 6:10 AM  

ဆက်လက် အောင်မြင် ပါစေခင်ဗျာ
အားပေးနေပါတယ်..
ပျော်ပါစေ အစ်မရေ
လေးစားစွာ

ahphyulay November 25, 2009 7:00 AM  

ဟုတ်တယ် ပြာနေသောမမကောင်းကင်...
ကျါန်တော်က ကြားဖူးလို့  ခဏခဏ ပြောတဲ့ စာရေးဆရာကြီး
တစ်ယောက်ရဲ့ အဆိုက စာဆိုတာ ရေးချင်တိုင်းရေးလို့ 
မရဘူးကွ၊ရေးချင်မှ ရေးလို့ ရတာ ဆိုသလိုပါပဲ။
စာနဲါတူအောင်ရေးဖို့ က သိပ်မလွယ်ပါ။
ဒါပေမဲ့  ရေးဖာများလာရင်တော့  စာနဲ့ တူလာတတ်ပါတယ်။
စာရေးဆရာတစ်ယောက်မဟုတ်ပေမဲ့  စာကိုရေးနေတဲ့ 
စာရေးသူတစ်ယောက်လေဗျာ။ စိတ်မလျှော့ ပါနဲ့ ။

ဂျပန်ကောင်လေး November 25, 2009 7:44 AM  

ကျွန်တော်နားလည်တဲ့ ဘလော့ခ်ဆိုတာ ကိုယ်ခံစားမိတဲ့အရာကို ခံစားမိတဲ့အတိုင်း ချရေးလိုက်တာပါပဲ.. လာဖတ်တဲ့သူ ဘာပြောမလဲဆိုတာကို ဂရုစိုက်စရာမလိုပဲ ကိုယ့်ခံစားချက်စစ်စစ်ကိုဖော်ထုတ်တဲ့နေရာပေါ့နော်..... ဒါပေမယ့် တီပြာရေးထားတာ လူတွေကို အကျိုးပြုတာတွေရှိပါတယ်.. တချို့စာတွေဆို တွေးလေ နက်လေဖြစ်တဲ့စာတွေလည်းရှိတယ်... ပညာရှိကိုယ်ကိုယ်ကို နှိမ်ချရာ၏ ဆိုလို့များ နှိမ့်ချထားသလားမသိ...း)

ရေတမာ November 25, 2009 8:31 AM  

Happy Anniversary ပါ အစ်မရေ ရေးပါ စိတ်လိုလက်ရလေးပေါ့။ ရေး ရေး ရေးပါဆို

neking November 25, 2009 9:09 AM  

အကျိုးပြုစာပေတွေရေးတယ်. သုတရသစာပေတွေရေးတယ် ဆိုတာ.. ကိုယ်ကစာပေဖက်ကို ထဲထဲဝင်ဝင်နေပြီးတော့ ဒါကြီးတွေကို ပရိုကျကျကြိုးစားရေးရမှာ.. ကိုယ့်စားဝတ်နေရေးအတွက်လဲပါမှာပေါ့..
အဲ...ဘလောက်ဂါတွေက..ပုံမှန်ဆိုရင် လူငယ်တွေများတယ်... သူတို့ဗဟုသုတတွေ ၊ရသတွေမရေး နိုင်ဘူးလို့ပြောရင်ကျွန်တော်ထိပ်ဆုံးက ငြင်းတယ်... သူတို့က သူတို့စာပေ၊ကြိုးစားအားထုတ်မှုကို ပရိုဆန်ဆန်၊စီးပွားရေးဆန်ဆန်သဘော သက်ရောက်သွားမှာကိုမလိုလားတာပါ. သူတို့စာပေတွေမှာသူတို့စေတနာ(စာဖတ်သူသို့) ကိုမြင်နိုင်ပါတယ်.. အကုန်လုံးက အားနေ.. ချမ်းသာနေ... ပျော်နေလို့ဘလောက်ကင်းလုပ်နေ နိုင်တာမှမဟုတ်တာ.. ၀ါသနာ.အနစ်နာတွေအများကြီးပါ...

ဗညားရှိန် November 25, 2009 11:19 AM  

မှန်တယ် မမပြာ ၇ ချက်လုံးမှန်တယ် . . .

တစ်ခါက စာရေးဆရာကြီး တစ်ဦးပြောသလိုပေါ့ . . .

တစ်နေ့ စာရေးဆရာ ပေါက်စ လေးတစ်ယောက်က လာပြီး သူရေးထားတဲ့ စာတွေကို ပြပြီး စာရေးဆရာကြီး ကို မေးတယ် . . . ကျွန်တော်ရေးထားတာတွေ ကောင်းရဲ့လား မကောင်းဘူးလား ဆရာကြီး လို့ မေးရော . . . ပထမ တစ်ရက် ဆရာကြီးက ဘာမှမဖြေပေးပဲ ပြုံးပြီးနေလိုက်တယ် . . . စာရေးဆရာလေးက မကျေနပ်သေးပဲ နောက်ရက်တွေလည်း လာထပ်မေးတယ် . . .
ဒါနဲ့ စာရေးဆရာကြီးက စဉ်းစားတော့တယ် . . . ငါဘယ်လိုပြောရရင် ကောင်းမလဲပေါ့ ဆိုပြီး စဉ်းစားတယ် . . . အမှန်တော့ စာရေးဆရာ ပေါက်စလေး ရေးတာ သိပ်အကောင်းကြီးတော့ မဟုတ်ဘူး ရေးကာစ အရေးအသားဆိုတော့ အားနည်းချက်တွေ အများကြီးရှိတယ်ကိုး . . . မကောင်းဘူးပြောလိုက်ပြန်ရင်လည်း ရေးနေတဲ့သူ အားငယ်သွားမှာစိုးတယ် ကောင်းတယ်ပြောလိုက် ပြန်ရင်လည်း သူလိမ်ရာကျမယ် ဒီတော့ စာရေးဆရာကြီးက ဘာပြောလိုက်လဲ ဆိုတော့ . . . မင်း အရေးအသားတွေ ကောင်းတာမကောင်းတာထက် မင်းစာရေးနေတာကိုက အရမ်းကောင်းနေပြီး ဆိုပြီးပြောလိုက်တယ် . . .

ကျွန်တော် အဲဒီစကားကို လက်ခံတယ်ဗျေ၇းတာကောင်းတာ မကောင်းတာထက် စာရေးနေတာကိုက တော်တော်လေးကောင်းနေပါပြီး . . .


မမပြာ စာရေးသာရေးပါ ကိုယ့်ဘလော့လေးက အသိပညာပေး အတတ်ပညာပေး ဆိုဒ်မှမဟုတ်ပဲ . . . ကိုယ့်ခံစားချက် ရင်ဖွင့်ရာ ဆိုဒ်ပဲ မဟုတ်လား
ဒါကြောင့်မှားတယ်မှန်တယ် ဆိုတာ နောက်ထား ကိုယ့်အမြင် ကိုယ့်ခံစားချက်ကို ရေးနေတာကိုက ကိုယ့်ဘက်ကအမှန်ကန်ဆုံး လမ်းကြောင်းတစ်ခု ရွေးချယ်လိုက်ခြင်းပါပဲ . . . .

ကျွန်တော်ဘလော့လေးကိုလဲ ကျွန်တော် အဲဒီလိုပဲ ခံယူထားပါတယ် မမပြာရေ . . .

ခင်မင်စွာဖြင့်

ဗညားရှိန်

ဗညားရှိန် November 25, 2009 11:24 AM  

အယ် ပြောဖို့တစ်ခုကျန်သွားတယ်ဗျာ

ဘလော့နှစ်ပတ်လည်နေ့လေးမှာ ပျော်ရွင်နိုင်ပါစေဗျာ . . . . . .

ကျွန်တော့် ဘလော့လေးလည်း ၂၁ ရက်နေ့က တစ်နှစ်ပြည့်ခဲ့တယ်ဗျ ဘာမှတော့ မလုပ်ဖြစ်မိဘူး အမှတ်တရ ကဗျာလေးတောင် မတင်ဖြစ်ခဲ့မိဘူး မအားလို့လေ ဟိဟိ . . . မမပြာဘလော့နဲ့ ကျွန်တော် ဘလော့လေး ရက် သိပ်မကွားဘူး မှတ်ထားဦးမယ်နော့ . . . .

Waing November 25, 2009 11:29 AM  

မမပြာ ဘာရေးရေး ဘာပို့စ်ပဲတင်တင် လာအားပေးနေမယ်နော်း)

ကြည်ဖြူပိုင် November 25, 2009 1:41 PM  

မမပြာရဲ့ ကောင်းကင်ပြာလေး တစ်နှစ်ပြည့်သွားပြီနော်
Happy Anniversary ပါ
မမပြာရယ် ဘလော့ဂါပဲ စာရေးဆရာမှ
မဟုတ်ဘဲ လို့
အနော်ခဏခဏကိုယ့်ကိုယ်ကို အာပေးသလိုပေးလိုက်ကျေနပ်သွားရောဆရာ
မမပြာစာအလွန်အရေးကောင်းပါတယ်
မမပြာရဲ့ပို့စ်တွေကိုရသစာပေလို့
အနော်ကတော့နာမည်တပ်တယ်
တခါတလေတော့ကိုယ်ရေး
ကိုယ်တာပါတာပဲပေါ့နော်...
ဘာဖြစ်တုန်း အဲဒိတော့အဲဒိလူတွေအကြောင်းပိုသိရ
အဝေးတနေရာစီမှာနေပေမယ့် စာလေးတွေကပြောတဲ့အကြောင်းလေးတွေ
ဖတ်ရတော့ခင်မင်မှုတွေရှိပြီးသားပေါ့.ကောင်းပါတယ်မမပြာရဲ့။
ကောင်းကင်ပြာလေးတစ်နှစ်ပြည့်မှသည် နှစ်ပေါင်းများစွာအောင်မြင်မှုတွေဆထက်တိုးပါစေ..:)

naychi November 25, 2009 2:30 PM  

မမပြာ.. Happy one year anniversary!!!!!!!


Yayyyyyyy ပြန်ရေးတော့မယ် (အားရင်) :P
စိတ်တွေရှုပ်နေလို့ ဘာမှကိုမလုပ်ချင်ဘူး။ ဟူးးးးး :o

နွေးနေခြည်

နှင်းဆီပန်းချစ်တဲ့ကောင်မလေး November 25, 2009 2:55 PM  

ရေးပါ ရေးပါ မမပြာ
ကိုယ်ကို့ကိုယ် ချာရေးချရာကြီးထင်ပီး စာရေးကောင်းဒယ် ထင်နေပြီး သများဘလော့တွေကို နောက်ကွယ်မှာ ဘလော့အသစ်ဖွင့် ရှေ့တင် လူအထင်ကြီးအောင်လုပ်နေတာထက်စာရင် ကိုယ်ရေးချင်တာလေးရေးနေတာပိုကောင်းပါဒယ်
မပီကလာပီကလာပြောတွားဒယ်
မကျေနပ်
လေဖြတ်သေ
ဟဟ

Calm Hill November 25, 2009 4:41 PM  

ကိုယ်ရေးချင်တာရေးပေါ့အေ ဟိုဟာသည်ဟာ လုပ်မနေပါနဲ့ ဟိုဟာသည်ဟာ ကြီးကြီးကျယ်ကျယ်ပြောရအောင် ဘလော့ဂါဆိုတာတောင် တိတိကျကျ ဒက်ဖနေးရှင်းမှမရှိပဲဟာ ပြောသာပြော ဒို့ကဘလော့ဂါ ပိုစစ်တယ်လို့ ဘာလို့လဲမေးရင် ဘလော့ဂါမှာရေးလို့လို့ပြော ခွိခွိခွိ ဝဒ်ပရက်မှာရေးတဲ့လူက ဝဒ်ပရက်ဂါလို့ခေါ်သင့်တယ် ဖိုရမ်တွေမှာရေးတဲ့လူကျတော့ ဖိုရမ်ဂါပေါ့။ ပြောချင်ရာပြောပေါ့ ရေးနေဖို့အရေးကြီးတာပဲ ကိုယ့်ဘလော့ကိုယ်ရေးတာ ဘာရေးရေးပေါ့ ကိုယ့်လွတ်လပ်ပိုင်ခွင့်ပဲဟာ သူများလည်း ဟိုဟာရေးပါ ဒီဟာရေးပါ သွားသွားမပြောဘူး ကိုယ်လာပြောလည်း အရေးစိုက်မပေါင် အဲဒီလိုသာသဘောထား ငြိမ်းချမ်းတယ်။

ဂျူနို November 25, 2009 6:27 PM  

ပြာပြာရေ
မအယ်ကတော့ ဆရာ ကိုတာပြောတာထက် ပြာပြာ ပြောတာကို ပို သဘောကျတယ်။

ဖွားပြာ ဖွားအယ် ဖြစ်တဲ့ထိ ပျော်ပျော်ကြီး ဘလော့ကြပါစို့ ပြာပြာရေ။



မအယ်

မမသီရိ November 25, 2009 8:46 PM  

၂ နှစ်တောင်ပြည့်ပြီ ကိုး ညီမလေး
ဒီခေတ်မှာ တော့ အင်တာနက်နဲ့ ဝေးဖို့ ဆိုတာ မရှိတော့ဘူးလေ ကွယ်

နောက်ဆုံးနေ့ ထိ ဆက်ရေးပါ ညီမရေ

Yu Ya November 25, 2009 10:42 PM  

စာတွေ အများကြီး ရေးနိုင်ပါစေ အစ်မကောင်းကင်ပြာရေ..

yu ya

SDL November 25, 2009 11:26 PM  

ပြာပြာရေ....

အထူးတလည် ကောမန့်ရေးသွားတယ်။

ကိုယ်ခံစားမိတာ၊ ကိုယ်ရေးချင်တာလေးတွေ ချရေးတာပဲ။ ရေးသာရေး....၊

ပြာရေးတဲ့စာမှာ အဆိပ်အတောက်မပါ၊ သူတပါးကို အသလွတ်ထိခိုက်စေတာ၊စိတ်အနှောက်အယှက်ဖြစ်စေတာ တစ်ခုမှမှ မပါပဲ။

ပြာတင်ထားတဲ့ သီချင်းလေးနားထောင်ဖြစ်လို့ ကြိုက်သွားတဲ့အခါတဲ့အခါ၊ ရယ်စရာအကြောင်းလေး တွေ ဖတ်ရလို့ ရယ်လိုက်ရတဲ့အခါ၊ အဲဒါကလည်း လာဖတ်တဲ့လူကို အကျိုးရှိတာပဲ မဟုတ်လား..။ ( တခါတလေ..ဝင်တောင်လွမ်းလွမ်းသွားလိုက်သေး.. :P ဟတ်ဖီးလ်ပေါ့လေ.... )

စာရေးဖို့ အချိန်တစ်ခုပေးပြီး အားထုတ်ထားတဲ့သူတွေမို့(ကိုယ်တိုင် မလုပ်နိုင်၊ မလုပ်တတ်တဲ့အလုပ်ကို လုပ်နေသူတွေမို့)၊ လေးစားပါတယ် ဘလော့ဂါ.. :)

ဆက်ချီတက်ပါ၊ အဖွားကြီး ဖြစ်တဲ့အထိဈ၊ သွားတွေ ကွမ်းချိုးတက်တဲ့ထိ ၊ ဆက်လက် ဘလော့ဂင်းနိုင်ပါစေ။

စည်သူ November 26, 2009 12:21 AM  

အင်း..
အပေါ်က အကို အမတွေ ပြောသွားတာ စုံသလောက်ဖြစ်နေပါပြီး..

အဲတော့..
အကိုအမတွေရဲ့စကားကို ကျွန်တော် ခနလေး ငှားယူပါတယ်.. နော်.. အမ..
အဲဒီစကားအားလုံးကို ကျွန်တော် ပြောသွာတယ်လို့ သဘောထားလိုက်ပါ..းP

အမှန်တော့..
ဟုတ်ပါတယ်..
မှန်ပါတယ်..
ရေးချင်တာ ရေးလို့ရတယ်
ကောင်းတာလည်းရေး.. မကောင်းတာလည်းရေး
ကောင်းတာရေးလို့ ကောင်းတာဖတ်မိရင် ဗဟုသုတရတယ်..

မကောင်းတာရေးလို့ မကောင်းတာ ဖတ်မိရင်လည်း ဗဟုသုတရတယ်..

ကြိုက်သလိုရေး ကြိုက်သလိုဖတ်လို့ရတယ်..

မှတ်ချက်။ ။ မကောင်းတာရေးဆိုတာက ယုတ်ညံ့သော စာသားများကို ဆိုလိုခြင်းမဟုတ်ပါ။

မွေးနေ့လေ.. ဘာမှလည်း ကျွေးဝူးးးးး..း-)

ခင်မင်စွာဖြင့်
စည်သူ။

မြစ်ကျိုးအင်း November 26, 2009 12:53 AM  

စာရေးတဲ့သူတော့ မပြောဘူး စာဖတ်တဲ့သူ အကြောင်း ခံစားရသလောက် ပြောကြည့်မယ်။
စာစဖတ်ကာစကတော့ ဟိုဟာလေးဖတ် ဒီဟာလေးဖတ် ပေါ့။ စာဖတ်သက်ရင့်လာတော့ ကိုယ်ဘယ်စာအမျိုးအစားကို ဖတ်သင့်သလဲ ပိုမြင်လာတာပါပဲ ။ စာရေးတဲ့သူလည်း အဲဒီလိုပဲလို့ ထင်တာပါပဲ။ စာရေးတာ ကြာလာရင်တော့ ကိုယ်ရေး တဲ့စာအပေါ်ကို ပိုပြီး သုံးသပ်မိမယ် ထင်တယ်။
ငါရေးသင့်ရဲ့လား စောင့်ဖတ်နေတဲ့သူတွေ အတွက် ဘာရလဲ ဆိုတာမျိုးတွေပေါ့။

ဒီနေရာဟာလည်း တကယ်တော့ ကမ္ဘာလေးတခုပါပဲ
ပျော်ပျော်ရွှင်ရွှင်နဲ့ နောက်နှစ်တွေ တိုင်အောင် ဆက်လက်ချီတက် နိင်ပါစေ

PAUK November 26, 2009 1:10 AM  

ပြာပြာ..
မလာစဖူး..လာလည်တယ်..
၁နှစ်ပြည့် မုန့်ကျွေးပါ။။
သိပ်မြင့်တာတွေ မပြောပါနဲ့
ဒီက လိုက်မမှီဘူးလေ..။။

khin oo may November 26, 2009 2:44 AM  

Happy anniversary pyar

may kyaw November 26, 2009 12:01 PM  

အမလို့ပဲ ခေါ်လိုက်မယ်နော်....
တစ်ခါတစ်ခါ အမတွေးသလို ကျနော်လည်း တွေးမိတယ်...
စာဖတ်သူကို ဘာပေးလိုက်နိုင်လဲလို့ပေါ့.....
ဒါက စာရေးတဲ့ လူတိုင်း တွေးမိတဲ့ အတွေးထင်ပါတယ်....
ဘယ်လိုပဲဖြစ်ဖြစ် အဆိပ်အတောက်မပါတာ ၊ ဖြူစင်တဲ့ ခံစားချက်နဲ့ ဧည့်ခံတာကိုက တော်တော်ဟုတ်နေပြီ ထင်တာပဲနော်... :) :) :)
ဘယ်လိုပဲဖြစ်ဖြစ် စာရေးသူတိုင်းရဲ့ မျှဝေချင်တဲ့ စိတ်ဓါတ်လေးကတော့ ချစ်စရာပါ....

ညရဲ့ကောင်းကင် November 26, 2009 12:05 PM  

အားလုံးက ပြောသွားကြပါပြီ ...
ကျွန်တော် ဘာမှထပ်မပြောတော့ပါဘူး...
ဆုတောင်းပေးလိုက်ပါတယ်...

တစ်နှစ်ပြည့်တဲ့ အစ်မကောင်းကင်ပြာ ဘလော့ဂ်လေးမှာ
စာတွေဆက်ရေးပြီး စာပေအကျိုးကို ဆက်လက်ထမ်းပိုးနိုင်ပါစေ...


ခင်မင်လေးစားလျက်
ညရဲ့ကောင်းကင်

kha November 26, 2009 1:13 PM  

ကျေးဇူးပါ မမပြာရေ . . ခရေငယ်လဲ ဒီလိုခံစားမိတဲ့သူမို့ . . အတွင်းဝေဖန်ရေးထဲကနေ မထွက်နိုင်ခဲ့ပါဘူး . . ခုထိပါပဲ . .ဒါပေမယ့် ခုတော့ မမတင်ပေးလိုက်တဲ့ မောင်သာရရဲ့ စာလေးတွေက ခရေ့ကိုလမ်းဘယ်မှာရှိတယ်လို့ ပြောပြခဲ့ပါတယ် . .
ကျေးဇူးတင်ပါတယ် ချစ်မ . . နောက်လဲဒီလိုပဲ ဒီထက်ကောင်းတာတွေ ရေးနိုင်ပါစေဗျာ . .း)

ဖိုးစိန် November 26, 2009 7:07 PM  

မေပြာ

မတရားဘူး...

ဗိုက်ထဲက တားကို တနှစ်ပြည့်တာမပြောဘူး..

တားစိတ်ဆိုးတယ်...

ခုကြည့် ဘိုပြောင် ဥ သွားပီး တစ်ကိုး(


ဘာပြောပြော မေပြာ တစ်နှစ်ပြည့်လေးက နေ ငြိမ်းချမ်းစွာနဲ့ ဆက်လက်ချီတက်နိုင်ပါစေ..

စာတွေ ရေးမယ်.. စာတွေ ဖတ်မယ်..

ပျော်စရာတွေးမယ်.. လွမ်းစရာရေးမယ်...

တခါတလေ ညစ်မယ်.. တခါတလေချစ်မယ်...
ဒီလိုပဲပေါ့...

ပေါ့ပေါ့ပါးပါးတွေး... နှစ်နှစ်ကာကာပြုံး..
ဘဝကို နားလည်မှုတွေနဲ့ စာနာကြမယ်..

ဒီလို အပြုအမူတွေကို စာရေးရင် သရုပ်ဖော်မယ်..

ခံစားချက်တွေဝေမျှမယ်..

ရေးတာလေးနဲ့ ဝအောင်ဖတ်မယ်ပေါ့...

ဘာပဲဖြစ်ဖြစ် ဖိုးစိန်လဲ ဒီပုပ်ထဲက ဒီပဲမို့ ...

ခွိခွိ


မေပြာ တနှစ်ပြည့် မှာ မေပြာ ဘလော့နဲ့အတူ ပျော်ရွင်ငြိမ်းချမ်းပါစေ...


မေတ္တာများဖြင့်

ချစ်ခင်လေးစားစွာဖြင့်

မေပြာ့

သား

ဘိုရွာပြာစိန်

ကိုမျိုး (အညာမြေ) November 26, 2009 7:10 PM  

မင်္ဂလာပါ..

ဘာကြောင့်ပဲဖြစ်ဖြစ် ဆက်ရေးနေပါဗျို့... :) :)


ခင်မင်စွာဖြင့်
ကိုမျိုး

eaindraomtt November 26, 2009 8:16 PM  

အဲသလို ရိုးရိုးသားသားပြာလွင်နေပုံက
ငြိမ်းချမ်းစေခဲ့တာ....
အဲ့ဒီ့ကောင်းကင်ဆီကနေ..ဖြူစင်တဲ့ အကြည်ဓါတ်တွေကအစိမ့်စိမ့် သင်းပျံ့မွှေးထုံလို့..

ကောင်းကင်ပြာရဲ့ကောင်းကင်ဟာ..
ဘယ်တော့မှ တိမ်ညိုမရှိပဲ...ပြာ..နေ ပေါ့...။

ချစ်တဲ့
အိန္ဒြာ

reenoemann November 26, 2009 9:47 PM  

မမပြာပြာ ပြောတဲ့ (၇) ချက်ကို တွေ့တော့ အားတက်မိတယ်။

ဆက်လည်းရေးနေအုံးမှာပါ။ ဆက်လည်းရေးပါအုံးနော်။

ပျော်ရွှင်စရာ တစ်နှစ်သားလေးပါဗျာ

မောင်လေး ရီနို

ဖိုးသင်္ကြန် November 26, 2009 11:40 PM  

Happy anniversary!
ကိုတာပြောသလို
လက်သာလှုပ်နေ၊ မရပ်နဲ့

ညမီးအိမ် November 27, 2009 1:10 AM  

ငါ့အစ်မကတော့ အားမာန်အသစ်တွေနဲ့ချီတတ်နေတဲ့အချိန် ကျွန်တော်ကတော့ စာရေးရမှာပျင်းတာရော ဘာရေးရမှန်းမသိတာနဲ့ ဘလောခ်မလုပ်ဖြစ်တာတော်တော်ကြာနေပြီ။ ကောင်ကင်ပြာဆိုတဲ့ မမပြာ ဒီထပ်ပိုအောင်မြင်ပြီး အွန်လိုင်းမှာသာမက အပြင်မှာပါ။ အောင်မြင်တဲ့လုပ်ငန်းရှင် (သို့) စာရေးဆရာမကြီးဖြစ်ပါစေဗျာ :)

flyboy November 27, 2009 11:30 AM  

Your message is totally right. So u just keep on writing whatever. we are ur fan.

Moe Myint Tane November 27, 2009 11:54 AM  

ပျော်ရွင်စရာ နှစ်ပတ်လည်လေး ဖြစ်ပါစေ အမရေ။

စိတ်ထဲရှိတဲ့အကြောင်းအရာတွေကို စိတ်ထဲမှာပဲထားပြီး အချိန်မှိုင်းတိုက်လို့ အရည်ပျော်တာထက် စိတ်တွေကို
ကလောင်နဲ့ စိုက်ပျိုးလိုက်တာ..အခု အမရဲ့ စိတ်တွေ သီးပွင့်နေကြတယ်။ အိမ်တစ်အိမ်ဖြစ်ဖို့ ပျဉ်တစ်ချပ် အုတ်တစ်ခဲ သဲတစ်ပွင့်က စခဲ့ကြရတာ...။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Moe Myint Tane November 27, 2009 11:54 AM  
This post has been removed by a blog administrator.
မြတ်မွန် November 28, 2009 8:50 AM  

ဟုတ်တယ်ရှင်..မ ကောင်းကင်ပြာရေ..ဒီပိုစ့်လေးဖတ်ပြီး အားတက်သွားပါတယ်ရှင်။ မွန်က ခုမှစရေးမယ့်လူပါ။ ဒီပိုစ့်လေးဖတ်ပြီး တကယ်အားတက်သွားပါတယ်ရှင်။ပျော်ရွှင်ပါစေမ.. ကောင်းကင်ပြာ။

နေ့အိပ်မက် December 4, 2009 10:11 AM  

မမနှစ်ပတ်လည်နေ့က နေ့အိပ်မက်နဲ့ ငါးရက်ပဲကွာတယ်တော့... :D... နေ့အိပ်မက်ဆို စဉ်းကိုမစဉ်းစားတာ ဘာပေးနိုင်မလဲတွေ ဘာရေးရမလဲတွေ ရေးချင်တာရေး အေးရော :D

desertraindrops December 4, 2009 4:04 PM  

မကြီးရေ..စာတွေ များများဆက်ရေးပါ။ ပျော်ရွှင်စွာ နှစ်ပတ်လည်ပါ။ မငုံလဲ အားတက်သွားပြီ။ အချက် ရချက်ကို ပြောပြတဲ့ မ့ရေ ကျေးဇူးပါ။

desertraindrops December 4, 2009 4:04 PM  

မကြီးရေ..စာတွေ များများဆက်ရေးပါ။ ပျော်ရွှင်စွာ နှစ်ပတ်လည်ပါ။ မငုံလဲ အားတက်သွားပြီ။ အချက် ရချက်ကို ပြောပြတဲ့ မ့ရေ ကျေးဇူးပါ။