အခန်းဆက် နဲ့ လွမ်းတတ်တဲ့ ကျမ ရေးမိပြန်ပီ၊ ကျမရဲ့ ခေါင်းစဉ်က ရွှေညာ သို့ လွမ်းချင်း လို့ ရေးထားပေမဲ့ မှတ်မိသလောက်တွေ ရေးတော့ ဟိုရောက် ဒီရောက် ပဲပင်ပေါက် လိုပဲ၊ ငယ်စဉ်တုန်းက ရောက်ခဲ့တာတွေ ၊ အညာ ရဲ့ ရပ်ရွာဓလေ့၊ ဘ၀ နေထိုင်မှု၊ စီးပွားရေး ၊ လူမှုရေး များကိုလည်း ရေးတဲ့ အခါ မပြည့်မစုံတွေ ဖြစ်နေမှာပါ၊ ပြည့်စုံအောင် ရှာပြီးမှ ရေးပါလားဆိုပြန်တော့လဲ ကျမ ကအဲ့လိုတွေ မရှာတတ်တဲ့ အတွက် မပြည့်စုံတာလေးတွေကို ဖြည့်ပြီး ဖတ်သွားရင် ကျေးဇူးတင်နေမှာပါ။
အဘွား ကျမရဲ့ အဖေ ဘက်က တော်ရတဲ့ အဘွား၊ သူနာမည်က ဒေါ်ငွေရှင် တဲ့၊ ငွေရှင် ကြေးရှင် တယောက် မဟုတ်ပေမဲ့ တရွာလုံးရဲ့ ဆရာမကြီးလိုပါပဲ၊ သူ မပါ ဘယ်နေရာမှ မပြီး၊ အလှူ အတန်း၊ ဘုရားပွဲ၊ ဘုန်းကြီးပျံ က အစ သူ့ ခြေ သူ့လက်ပဲ၊ ကျမတို့ မြေးတွေ ရောက်တဲ့ အချိန်ဆို အမြဲ ပြာယာခတ် စားဖို့ သောက်ဖို့ ကို ပြောင်းဖူးဖက် ဆေးလိပ်ကြီး ကိုက်ပြီး သူကိုယ်တိုင်လဲ လုပ်ပေးသလို အိမ်မှာ ရှိသမျှ သူတွေကိုလဲ ခိုင်းတတ်ပါတယ်၊ ကျမတို့ က မြို့ကလာတယ် ဆိုတော့ လာကြည့်သူတွေ၊ ဆွေမျိုးတွေ နေ့ရော ညရော မပြတ်ဘူး၊
မနက် ရေနွေးကြမ်းဝိုင်း ဆိုလဲ လူစည်ချက်၊ မိုးလင်းတာနဲ့ တယောက်ပြီး တယောက် ရောက်လာ၊ စကားပြောလိုက်တာ မနက် ၁၁ နာရီလောက်ထိ ထမင်းဟင်း မချက်ကြဘူး၊ နေ့လည်စာ စားဖို့ လာခေါ်တဲ့ သူတွေ လာမှ စကားဝိုင်း သိမ်းတတ်တယ်၊ ဟင်း ဆိုတာလဲ အကောင်းစားဟင်းတွေ မပါဘူး၊ ကိုယ့်ခြံထဲ ရှိတဲ့ ကြက်၊ တို့ ဆိတ်တို့ ချက်တာ၊ ဧည့်သည် လာရင် အဲ့လို ချက်ကျွေးကြတဲ့ ထုံးစံ ထင်တာပါပဲ၊ ကျမ မှတ်မှတ်ရရ ဘာစားခဲ့တာ မှတ်မိနေလဲ ဆိုတော့ ဆိတ် ကလေးလေး မွေးတော့ ဆိတ်က ကျတဲ့ ဆိတ်ချင်း ကြော် စားခဲ့ဘူးတယ်၊ ၀ါဝါ အလုံးလေးတွေ၊ ငယ်တုန်းတော့ ဘာမှ မသိတော့ စားခဲ့တာပဲ ၊ ကျန်တဲ့ အကောင်ပလောင် တွေတော့ မစားပါဘူး၊
နောက် အဘွားရဲ့ ၀ိုင်း ထဲမှာ ဆန်ဖွပ်တဲ့ မောင်းဆုံကြီး ကျမ သိပ် သဘောကျတယ်၊ နေ့လည်ဘက်တွေ သူများ ဆန်လာဖွပ်လဲ ကျမ ထောင်းတယ်၊ အဲ့ဒီတုန်းကတော့ အံ့သြတကြီး ပေါ့လေ၊ လုံးတီးဆန်လို ဟာတွေကို ဆုံထဲထည့်၊ ဆန်တွေ ဖြူလာတာ ကို ပျော်နေတာ၊ ဘေးစင်ပြီး ဆန်တွေ ပွကုန်လဲ ကျမ ကို ဆူမဲ့သူ မရှိဘူးလေ၊ နောက် ဆီကို ရေချိုး ဆေးရိုးမီးလှုံ ဆိုတဲ့ စကားကလဲ ကျမ ငယ်ငယ်ကတော့ မြက်ဝါးထင်ထင် မြင်ခဲ့ရတာတွေပေါ့၊အဘွားအိမ်မှာ ရာဝင်အိုးကြီးတွေ နဲ့ ဆီတွေ ဆိုတာ ခုချိန် ပြန်ပြောရင် ပုံပြင်လိုပါပဲ၊ ဆီကြိတ်ဆုံလဲ ကျမ လေ လိုက်စီးလိုက်တာ၊ ဆီကြိတ်နေတဲ့ နွားကြီးတော့ မသိ ကျမတော့ မူးနေမှ ပြန်ဆင်းလာတာပဲ၊ ပဲဆီ နှမ်းဆီ စစ်စစ် ဆိုတာတွေ ဒီကို မလာခင်ထိ စားခဲ့ရတာလဲ ကျမ အဘွားရဲ့ ကျေးဇူးတွေ ကြောင့်ပါ၊ ခုချိန်ထိလဲ ကျမတို့ အိမ်ကို ရွာကနေ ၆လ တခါလောက် အဖေ့ဘက်က အမျိုးတွေ က ပို့ပေးနေတုန်းပဲ၊ ၀ယ်စားစရာ မလိုဘူး၊
မန်ကျည်းပင်ရိပ်၊ ထနောင်းပင်ရိပ်၊ တမာပင်ရိပ် ဘယ်လောက်အေးတယ်၊ အညာနွေ ဘယ်လောက် ပူတယ် ဆိုတာ နေဖူးသူတွေမှ သိလောက်တယ်၊ ပူစပ်ပူလောင် ဆိုတဲ့ စကားလိုပဲ၊ ဘယ်လိုမှ နေထိုင်မရလောက်အောင် ပူတယ်၊ လေပူတွေ တိုက်တယ်၊ အဲ့ဒီတော့ အင်္ကျီ ပါးပါး လက်ရှည်လေးတွေ ၀တ်ရတယ်၊ လေပူတိုက် ခံနိုင်အောင်လို့တဲ့၊ ကျမ အဘွားကလဲ ရှန်သားအင်္ကျီ လက်ရှည်လေးနဲ့ အမြဲ သပ်သပ်ရပ်ရပ် နေတတ်တယ်၊ ကြည့်လိုက်ရင် အညာသူ လို့ ထင်စရာ မရှိအောင် အသားဖြူဖြူ ပိန်ပိန်ပါးပါးလေး၊ ချစ်ဖို့ကောင်းတယ်၊ မကောင်းတာ တခုက ကျမတို့ဆီ ကို ခေါ်မရတာပါပဲ၊ မလာဘူးတော့ မဟုတ်ဘူး၊ လာတယ် ဆိုရုံပါ၊ နင်တို့မြို့မှာ ငါမနေနိုင်ဘူး၊ ပြန်ပို့ကြပါ လို့ချည်းပြောတယ်၊ ရွာမှာနေရင် ဘာရောဂါ ညာရောဂါ ဖြစ်တယ် မကြားရပဲ ၊ မြို့ရောက်ပြီး တပါတ်လောက်ဆို ဖျားရောပဲ၊ နောက်ဆုံး အဖေ နဲ့ ပြန်မပို့တဲ့ အတွက် ရန်ဖြစ်ပြီး ပြန်ပြန်သွားတယ်၊
ကျမတို့ သွားနေတဲ့ တလလောက်ကတော့ အဘွားရဲ့ အသံက အရွှင်ဆုံးပဲ၊ နောက် ကျမတို့ အတန်းကြီးလာလို့ အဘွားဆီ မသွားနိုင်တဲ့ အခါ သူခမျာ တွေ့ချင်ရှာလို့ မြို့ကို မလာချင်ပဲ လာတွေ့ရတယ်၊ တောမှာနေလို့ပဲ ကျန်းမာရေးကောင်းတယ် ပြောရမလား၊ ကျမ အဘွားမှာ ဘာရောဂါမှ မရှိဘူး၊ အသက် ၇၀ ကျော် ၈၀ အထိ တောင်ဝှေး မကိုင် မျက်မှန်မတပ်ပဲ သွားလာနိုင်ခဲ့တာလဲ ကုသိုလ် တမျိုးပဲ ထင်တယ်၊ ခုတော့ ကျမ အဘွား မရှိတော့ပါဘူး၊ အသက် ၉၆ နှစ်မှာ လူကြီး ရောဂါပဲ ပြောရမယ်ထင်တယ်၊ အေးအေးချမ်းချမ်း လောကကြီးကို စွန့်ခွာ သွားခဲ့တယ်၊ အညာ အကြောင်းပြောရင် ကျမ အဘွားက မပါမဖြစ်တဲ့ သူတယောက်ဖြစ်နေတဲ့ အတွက် ခုချိန်ထိလဲ ကျမ အဘွားကို သတိတရ လွမ်းနေတုန်းပါပဲ။
ခန နားပါဦးမယ်...ရှင်
ရင်ခွင့်မဲ့ ငှက်တကောင်
1 hour ago



21 comments:
သီချင်းလေးပါထည့်ပါ့လား။ သားသမီးတွေ ထည့်မရေးတော့ဘူးလား။ ရေးတော့အမှန် ဖတ်တော့အသံတဲ့။ ပြင်လိုက်ဦးနော်။
ကွမ်းစားတာလည်း အညာက ပါလာတဲ့အကျင့်ထင်တယ်နော်.. ရှေ့ထုံးကလိုပေါ့. ကွမ်းအစ်လေးရှေ့ချ.. တမြုံ့မြုံ့လေးဝါးလိုက်လို့ကတော့.. အဟေးဟေး ...နီးရဲအောင်ပြုံးပြလိုက်မနော်....း)
ဖတ်နေရင်းနဲ့  အညာ ရနံ့ ကလေးရလာတယ်နော်။
ကျွန်တော်က အခုရေးနေတဲ့  ရေနံ လုပ်သားဘဝ လိုပဲ
အညာမြေကတော့  အိမ်ဦးနဲ့ ကျန်းပြင်လိုပါ။
အကြိုက်ဆုံးမကျဉ်းရွက်သုပ်လေ။ ဝက်ဝက်ကွဲအောင်လှုတတ်
တဲ့ အလှုတွေ၊ ဘုရားပွဲအကြောင်းတွေလဲရေးပေးပါအုံး။
ပူတဲ့ အချိန်ကို မပြောလိုပေမဲ့  အေးတဲ့ အချိန်ကတော့ 
အမပြောသလိုပါပဲ ကြည့် နေရင်းနဲ့  အရိုးတွေ တဖျစ်ဖျစ်မြည်
လာအောင်ကို အေးတတ်တာလေ။
အညာဆိုရင် အလည်အပတ်ထက်ပိုမနေဖူးဘူး။ လွမ်းစရာတော့ ကောင်းသားနော် ...
နောက်အပိုင်းတွေစောင့်နေမယ်.. စိတ်ဝင်စားတယ်
နွေးနေခြည်
အညာကတော့ ရောက်ဖူးပေမဲ့ အနော်တို့ အောက်ပြည်အောက်ရွာ သားတွေ မနေနိုင်ပေါင်ဗျာ
ပူတာကို ခံနိုင်ဘူးဗျာ တလျှပ်တွေကြား ဒါပေမဲ့ မပြာရေးထားတဲ့ တော့စလေ့ အနေအထိုင်လေးကို တော့ အရမ်းနှစ်သက်တယ်
နေ့အိပ်မက်လည်း ဆီကြိတ်ဆုံစီးချင်တယ်.. အီး...
ရှိသမျှ “အလွမ်း” တွေသာ အကုန် ပြေအောင်ရေးဗျာ...
အားပေးမယ်....
ရလာပြန်ချင်တယ်
မင်္ဂလာပါ ကောင်းကင်ပြာ ရေ..
အညာဒေသ ပို့စ်လေးတွေ ဖတ်ရတာ အရမ်းကို ကြည်နူးစရာ ဓလေ့စရိုက်လေးတွေကို သတိရ..တမ်းတစေတယ်ကွယ်။ ခဏနားပြီးရင် ဆက်ရေးနော်.. စောင့်ဖတ်နေမယ်။
ခင်မင်စွာဖြင့်
ကိုမျိုး
အညာရဲ့ အလှအပကလည်း စာတင်လောက်တယ်လို့
ရှေးလူတွေ ဆိုကြတယ်နော်.. အစ်မ...
လမ်းကြုံသဘောလောက်ပဲ အညာဒေသတွေကို ရောက်ဖူးသေးတယ်.... သွားတော့သွားချင်သေးတယ်ဗျ... အခွင့်ရှိရင် အညာသို့တခေါက်ပေါ့...
အညာတော့ မရောက်ဖူးဘူး။ ဒါပေမဲ့ အဲဒီလို အညာဒေသဓလေ့တွေကို မြင်ဖူးချင်တယ်။ အဘွားကုသိုလ်ကောင်းတာပေါ့။
ဆီကြိတ်ဆုံ စီးရတာ ပျော်စရာကောင်းတယ်။ ဆီထွေး ကြော်ကြိုက်လား။ ဆက်ရေးမဲ့ အပိုင်းတွေကိုမျှော်နေပါတယ်။
မနေ့ကမှ အညာသူအညာသားကျွန်မဆွေမျိုးများ ဖတ်ပြီးတယ်။ ဒီနေ့ ပြာပြာ့ အညာလွမ်းချင်းဖတ်ရတယ်... ။
96 ထိ နေခွင့်ရတယ်ဆိုတာ အတော်ကုသိုလ်ထူးလို့ပဲ ပြာကြီးရဲ့...
းဝ)
ပြာပြာ့ကို လင့်ထဲထည့်လိုက်ပြီ ..ဒါမျိုးများများရေး ဟေးဟေး
ကျနော်တို့အဖွားဆီသွားလည်တာလေး ပြန်သတိရမိတယ်။
အခြေအနေပေးလို့ကြုံလာခဲ့ရင် အညာကို လိုက်လည်မယ်နော်။
စာရင်းပေးလိုက်ပြီ။
လူမှုဝန်ထမ်း အဖွားပေါ့နော် ... အတော်လေးစားဖို့ ကောင်းပါတယ်ဗျာ ..
အညာအကြောင်းလာဖတ်ပြီး အညာကိုသွားမဲ့အစီအစဉ်အတွက်ကြိုပျော်နေတယ်
ဒါပေမဲ့ခွင့်ကတပတ်ထဲး(((
မမအဘွားကတော်လိုက်တာနော့
I want to go and see yr " A nyar ". Keep on wiriting about it cos i miss Khin Khin Htoo.
အညာက
မုန့်ပြားသလက် စားချင်တယ် ..
ထန်းရည် အချိုလည်း သောက်ချင်တယ် ..
မန်းကျည်းရွက် ကြော်လည်း စားချင်တယ် ..
အပိုင်း ၂ ခု လုံး ဖတ်ပြီးးး
သဲ လည်း
အညာက အစားအစာတွေ စားချင်လာတယ် ...
တို့အဘွားဆိုပြီး တစ်ပုဒ်ရေးခဲ့ဖူးတယ်
Post a Comment