အိမ်လွမ်းသူ

ဟင်...ဖေကြီး...
ဘာလို့ သမီးကို တယောက်ထဲ လာကြိုရတာလဲ...
အမေရော...
သမီးအမေ...သူ့ မြေးတွေ ကျောင်းပိတ်လို့ ရွာငံသွားတယ်လေ..
ဟင် သမီး လာမှာသိရဲ့သားနဲ့ ဘာလို့ သွားနှင့်တာလဲ၊ ဒီရောက်မှ တူတူ သွားမယ် ပြောထားတယ်လေ၊
သမီးရယ် ခုလဲ ညနေကျ လိုက်သွားမှာပဲဟာ..ဖေကြီးလာကြိုလဲ ပြီးတာပဲ မို့လား၊ ညနေသွားဖို့ ကားအဆင်သင့် ပြင်ထားပြီးသားလေ၊
ခု ရန်ကုန်အိမ်မှာ ဘယ်သူကျန်လဲ၊
ဘယ်သူမှ မကျန်ဘူးလေ၊ ဖေကြီးတယောက်ထဲ သမီးကို ကြိုဖို့ ကျန်ခဲ့တာ။ခု သမီး အကို နဲ့ လာကြိုတာလေ၊
ဟုတ်....

ဖေကြီး ခု လေယဉ်ကွင်းက အပြန်လေ၊ ကျောင်းနားက လပ်ကီး 7 ဖွင့်သေးလားဟင်၊ အဲ့ဒီဆိုင်က ကော်ပြန့်စိမ်းလေး ၀င်စားချင်တယ်၊ ရလား။
ရတော့ ရတယ် သမီး ၊ အချိန်တော့ သိပ်မရှိဘူး၊ ပါဆယ် ၀ယ်ခဲ့ရအောင်လေ၊ ကားပေါ်မှာ စားချင်စားပေါ့၊

ဟုတ်ကဲ့ ဖေကြီး၊ နောက်ပီးလေ ၁၂လုံးတန်းက ကျော်ကြား မုန့်ဟင်းခါးရော၊ ဒီချိန်ရလား၊ ၀င်ကြည့်မယ်နော်..

မော့ကြည့်လာတဲ့ ဖေကြီး ရဲ့ မျက်ဝန်းတွေက ငါ့သမီး ဟိုနိုင်ငံ မှာ ငတ်များလာလား ဆိုတဲ့ အကြည့်တွေကို မသိကျေးကျွန် ပြုလိုက်ရတယ်၊

ကားက လပ်ကီး7 ရှေ့ ရောက်နေပီလေ၊ ကော်ပြန့်စိမ်း ၃ခု စားမှာ နော်လို့ ကားမောင်းတဲ့ အကို ကို လှမ်းပြောလိုက်ပြီး ဆိုင်ရှိတဲ့ ခြံဝင်းထဲ ဝေ့၀ဲ ကြည့်လိုက်တော့ အရင်အတိုင်း အင်ကြင်းပင်ကြီးကလဲ ပန်းတွေ အခိုင်လိုက်ပွင့်လို့ မွှေးလိုက်မဲ့ အမျိုး၊ ဒီအနံ့ မရခဲ့တာ ကြာပီလေ၊ ကော်ပြန့်စိမ်းရပီ ဆိုတော့..ကားပေါ်မှာ တခုအရင် စားပြီး အခု ကလေးတွေ တတ်တဲ့ ကျောင်းဖြစ်နေတဲ့ အာစီ ၂ ဘက်က ကန်ရေပြင်ကို ငေးမိတော့ ကိုယ့်အရိပ်တွေ ကိုယ် ပြန်မြင်ရင်း အင်းလျားလမ်းကို ရောက်လာခဲ့ပြီ၊ စီးပွားရေး တက္ကသိုလ်ဘေးက ဘွဲ့နှင်းသဘင် ခန်းမကြီး တွေ့ပြန်တော့ သစ်ပုတ်ပင်ကြီး မြင်ရမလားဟဲ့ ဆိုပြီး လှမ်းချောင်းမိပြန်တယ်၊ ဘယ်ဘက်လှည့်ကြည့်မိပြန်တော့ စိမ်းလန်းစိုပြည် ဆိုတဲ့ စိုပြည်နေဆဲ ခြံထဲက ၀က်သားတုတ်ထိုးဆိုင် ကို ဆင်းချင်မိပြန်တယ်၊ ကိုယ့် အဖေ မျက်နှာကို လှမ်းကြည့်မိရင်း မဖြစ်သေးပါဘူးလေလို့ တွေးတုန်း ကား က တက္ကသိုလ်ရိပ်သာ လမ်းထဲ ကွေ့ဝင်နေပီ၊ သင်္ကြန်ချိန်ဆို ကားမောင်းမရလောက်အောင် ကျပ်လှတဲ့ ဒီလမ်းထဲက ငုပင်လေးတွေက အပြိုင်အဆိုင် ပွင့်အာဖို့ စောင့်နေကြသလိုပဲ၊ ရွှေဝါရောင်လေးတွေ သန်းပြီး တွဲလွဲလေးတွေ ခိုနေတဲ့ ပန်းခိုင်လေးတွေကို ငေးရင်း ဟိုးအရင်ကလို လမ်းကြားတွေ ထဲကနေပဲ ရွှေတောင်ကြား ဆိုတဲ့ ရပ်ကွက်ကြီးကို ဖြတ်ပြီး ကမ္ဘာအေး ဘုရားလမ်းမကြီးပေါ်တတ်လာခဲ့တော့၊ ကိုယ် အလယ်တန်းကနေ အထက်တန်းထိ နေလာခဲ့တဲ့ ကျောင်းရှေ့ရောက်ပြန်ပါပီ၊ အဖြူ အစိမ်းဝတ် ဘ၀လေးကို ပြန်မြင်ယောင်ရင်း ဘာစကားမှ မပြောနိုင်ခဲ့၊ ကားကတရွေ့ရွေ့ သွားနေသလို စိတ်အစဉ်တွေကလဲ မျက်စိထဲ ရောက်လာတဲ့ မြင်ကွင်းတွေကို ကြည့်ပြီး ဟိုးအတိတ်က အကြောင်းအရာတွေကို တခုချင်း ပုံဖေါ်နေမိရင်း အိမ်ရောက်တော့မယ် ဆိုတဲ့ အသိက လူကို ပိုပြီး မြူးလာစေတယ်၊ ဆီဒိုးနား ဟိုတည်ကြီးရှေ့က ဖြတ်ပြီး ဘယ်ဘက် ချိုးကွေ့လိုက်တော့ စားနေကျ ကီးမားဆိုင်လေးက ဖွင့်ဖို့ ပြင်ဆင်နေပီ၊ ၁၂လုံးတန်း မီးပွိုင့်မှာ ကိုကြီးက မမေ့မလျော့ ကားရပ်ပေးတယ်၊ ဆင်းလိုက်ပြီးမှ ပိုက်ဆံ မပါတာ သတိရမိတော့ ဖေကြီးဆီက လက်ဖြန့်တောင်းလိုက်ပြီး အိမ်ကို သွားနှင့်ဖို့ မျက်နှာချို သွေးလိုက်မိတယ်၊ ကျော်ကြားမုန့်ဟင်းခါးနဲ့တင် မပြီးပဲ ဟိုဘက် မီးပွိုင့်ဒေါင့်က ၀က်သားတုတ်ထိုးဆိုင်ကို ရောက်မယ်ဆိုတာ ကြိုသိနေလို့ပါ၊

စားသောက်ပြီး အာသာပြေတော့ ကိုယ်အရင်က လျှောက်နေကျ အတိုင်း ကုက္ကိုပင်ကြီးအောက်က ဖြတ်ပြီး ကုန်းအတက် အတိုင်း အိမ်ကို လမ်းလျှောက် ပြန်ခဲ့တယ်၊ အရင်က ဒီကုန်းကို တက်ရတာ မောတယ် ထင်ပေမဲ့ ဒီနေ့တော့ မောတယ် မထင်မိဘူး၊ အိမ်ရောက်လို့ အိမ်ရှေ့ ဧည့်ခန်းကို ၀င်လိုက်တာနဲ့ အမေ့ကို လူကိုယ်တိုင် မတွေ့ရသေးပေမဲ့ လှပနေဆဲ နုပျိုနေဆဲ အမေ့ရဲ့ ဓါတ်ပုံလေးက အဝေးက ပြန်လာတဲ့ သမီးတယောက်ကို အမောပြေစွာ ဆီးကြိုလို့နေတယ်၊ ဓါတ်ပုံလေးကို တချက်မွှေးလိုက်ပြီး အခန်းထဲမှာ ခရီးဆက်ထွက်ဖို့ ပြင်ဆင်နေတဲ့ ဖေကြီး နားမှာ တမှေးလောက် ရအောင် မှေးလိုက်တယ်၊ ဟိုနိုင်ငံမှာ ကိုယ် အိပ်ရေး မ၀ခဲ့ဘူးလေ၊ အဲ့လို မှေးလိုက်တဲ့ အချိန်လေးမှာ ကိုယ့် အမေ ရှိနေတဲ့ ရွာငံကို ရောက်နေပါပြီ၊ အမေ့ရင်ခွင်ထဲ ၀င်ပြီး ကလေးတယောက်လို ငိုလိုက်မိတယ်၊ မကုန်နိုင်တဲ့ ဒီမျက်ရည်တွေ နဲ့ပဲပေါ့၊ ကိုယ့်မျက်ရည်တွေကို သုတ်ပေးနေတဲ့ အမေ့ကို မော့ကြည့်လိုက်တော့ အမေကိုယ်တိုင်လဲ မျက်ရည်တွေ ကျနေရှာတယ်၊ ဒါပေမဲ့ ၀မ်းသာလို့ ကျတဲ့ မျက်ရည်တွေ ဆိုတာ သိပါတယ်၊ အမေ သမီးရောက်မှာ သိလို့ သမီးကြိုက်တဲ့ ပဲပုတ်ထောင်း၊ ဂေါ်ရခါးညွန့် ကြော်ထားတယ်၊ အသားဟင်းတော့ မပါဘူး ဆိုလာတော့ အမေရယ် အသားဟင်း မလိုပါဘူး၊ အမေချက်တဲ့ ဘာနဲ့ ဖြစ်ဖြစ် သမီးစားမှာပါလို့၊ သမီးလဲ ဟိုမှာ ကိုယ်ဘာသာ ချက်စားတာ ဟင်း တော်တော်ချက်တတ်လာပါပြီ၊ သမီးတလှည့်ချက်ကျွေးမယ် နော်လို့ ပြောလိုက်တော့ အံ့သြ ၀မ်းသာတဲ့ မျက်လုံးလေးနဲ့ ကြည့်လာတဲ့ အမေ့ရဲ့ အကြည့်လေးကို ၀မ်းသာစွာ ခံယူ နေတုန်း အမေက ကိုယ့်နဖူးလေးကို တချက်လှမ်းထု လိုက်တာ ဖြတ်ခနဲ့ ကိုယ်လန့်သွားပြီး မျက်လုံးဖွင့်လိုက်တော့ ဖေကြီးက သမီးရေ သွားရအောင်လို့ နဖူးလေးပေါ် လက်တင်ပြီး လာနှိုးတာ ဖြစ်နေတယ်၊ ကိုယ် အမေ့ကို တွေ့ချင်လှပီ..နောက်တနေ့ မိုးလင်းရင် တွေ့ရတော့မယ် ဆိုတာ သိနေပေမဲ့ ခု ခဏလေး မှေးလိုက်တုန်း အမေနဲ့ တွေ့လိုက်ရတာ ပြန်တွေးမိပြီး တချိန်လုံး ငိုချင်နေမိတယ်၊ ဖေကြီးကတော့ ကိုယ့်ခံစားချက်တွေကို သိနေသလို ပြုံးပြီးတော့ ကြည့်နေတယ်၊ ကားမောင်းမဲ့ ကိုယ့် အကိုလဲ အဆင်သင့် ဖြစ်နေပီဆိုတော့ ဖေကြီးက ကိုယ့်ကို ကားပေါ်တင်ပေးပြီးမှ အိမ် တံခါးတွေ သေချာပိတ်ပြီး သားအဖ ၃ယောက် ခရီးစထွက်ခဲ့တယ်၊ ဟိုးအရင် က ခရီးထွက်ပြီဆို ရွှေညောင်ပင် မကျော်သေးဘူး၊ ကိုယ် စအိပ်တတ်ပါတယ်၊ ခုတော့ လမ်းခရီး တလျှောက် ညရှုခင်းတွေကို ကြည့်မယ် မအိပ်တော့ဘူးဆိုပြီး ရွှေညောင်ပင် ရောက်တော့ ဆင်းပြီး လမ်းခရီးမှာ အန္တရယ် ကင်းကင်း ကိုယ့် အမေ ဆီရောက်ပါစေလို့ မျက်စိလေးမှိတ် ဆုတောင်းလိုက်ပါတယ်၊

ဝူးးးးးဝူးးးးးဝူးးးးးဝူးးးးဝူးးးးးးးးးဝူးးး

ဟိတ် ထတော့လေ...နှိုးစက်တွေရော၊ ဖုန်းတွေရော မက်ဆေ့တွေ ရော လာနေပီ၊ စာပေဟောပြောပွဲ သွားမှာဆို ၉ နာရီ ထိုးနေပီ၊ မထသေးဘူးလား ဆိုပြီး ကျမ လက်ကို တဖက်ကကိုင် တဖက်က ဆံပင်ရေစိုကို ဒရိုင်ယာ မှုတ်နေတဲ့ ကျမ သူငယ်ချင်းရဲ့ အသံကို ကြားလိုက်ရပါတယ်၊ သွားပါပြီ...အိမ်မက်ရဲ့ အိမ်မက်ထဲ မှာပဲ အမေ့ကို တွေ့ရသေးတယ်၊အမေ့ဆီ ပြန်ဖို့တော့ ရက်တွေ ရက်တွေ ပိုနီးလာပါပြီ၊ ဘယ်ချိန်လို့ သတ်မှတ် ထားတာ မရှိပေမဲ့ အဆင်ပြေတဲ့ အချိန် အမြန်ဆုံး ပြန်လာခဲ့မှာပါ မေ၊ အဖေ အမေရဲ့ အိမ်၊ အမေချက်တဲ့ ထမင်းဟင်း၊ အဖေရဲ့ ပြုံးနေတဲ့ မျက်နှာတွေ တွေ့ဖို့အတွက် အချိန်တိုင်း ကြိုးစားနေပါတယ်။

ညီမငယ် နေ့အိမ်မက် လေးက တဂ်ထားတဲ့ ပို့စ်လေးပါ၊ အဖေ အမေရော၊ အိမ်ရော၊ အစားတွေရော လွမ်းနေတဲ့ အတွက် ရောကာ သောကာ ရေးလိုက်ရပါတယ်၊

17 comments:

reenoemann December 21, 2009 6:36 AM  

လွမ်းတယ်ဗျာ

neking December 21, 2009 9:16 AM  

ရောသောနေပေမယ့်.... ဖတ်ရတာကောင်းပါတယ်ဗျာ.. စာနာမိပါတယ်... ကျွန်တော်လဲပြန်ချင်တာပေါ့.. သူကမှအိပ်မက်ထဲပြန်ဖြစ်နေသေးတယ်..

တောင်ပေါ်သား December 21, 2009 9:54 AM  

အိပ်မက်က အစားတွေနဲ့ လွန်ပါရော သူ့အိပ်မက်က အစား စားလိုက်ရသေးတယ် ကျနော့်မှာတော့ အဟင့်း(

လေးစားလျက်
တောင်ပေါ်သား

ညရဲ့ကောင်းကင် December 21, 2009 11:19 AM  

လွမ်းတာပေါ့ဗျာ...

ရေတမာ December 21, 2009 1:19 PM  

အားလုံးလွမ်းနေကြတဲ့ အိမ်ကို အမြန်ဆုံးပြန်နိုင်ကြပါစေ။ အိပ်မက်တွေ အကောင်အထည်ပေါ်ပါစေ။

မြတ်မွန် December 21, 2009 2:46 PM  

မမပြာပြာ ..လေယာဉ်ကွင်းကနေ အိမ်ပြန်တာက စလို့ အိမ်နားရောက်ပြီး စားတာတွေ ဆိုင်တွေက စလို့ အားလုံးတူတူပါပဲလား ။
မွန်နဲ့ အိမ်နီးချင်းဘဲ။
မွန်သွားနေကြနေရာတွေပါလား..မမပြာပြာရေ..လွမ်းလိုက်တာနော်..။

Mogok Thar December 21, 2009 3:45 PM  

အင်းးးး....
အိပ်မက်ထဲတောင် လွမ်းနေထာများဗျာ.....

ချစ်သော မိသားစုနဲ့ အမြန်ဆုံး ပြန်ဆုံစည်းနိုင်ပါစေ။ အစစအရာရာ အဆင်ပြေပါစေဗျာ....။

ချစ်ခင်လျက်

ဒဏ္ဍာရီ December 21, 2009 4:59 PM  

မမကောင်းကင်ပြာရဲ့ အိမ်မက်လေးထဲ လာလည်သွားတယ်နော်။ ချစ်သောမိသားစုနဲ့ အမြန်ဆုံတွေ့နိုင်ပါစေ မမရေ...။

ခင်မင်လေးစားလျှက်

စည်သူ December 21, 2009 5:44 PM  

ဟူးးးးးးးးးးးး

မောလိုက်တာ အမရေ.. မောလိုက်တာဗျာ..
ဘာရယ်ကြောင့်မှန်းမသိ အဲလိုအကြောင်း အဲလိုစာတွေဖတ်မိရင်.. စိတ်ထဲမကောင်းဘူးဗျ.. အလွမ်းဓါတ်ခံ ကြီးတယ်နဲ့တူတယ်နော်အမ.. ခိခိ..း-)

နေ့အိပ်မက် December 21, 2009 6:14 PM  

တီတီပြာလုပ်တာ ဗိုက်ဆာသွားပြီ.. အဟင့်.. အကုန်လုံးက လွမ်းကြတာပဲနော်.. နေ့အိပ်မက်လည်း ပိုလွမ်းသွားပြန်ပြီ.. ရေးပေးတာ ကျူးဇေး :)

ကြည်ဖြူပိုင် December 22, 2009 12:22 AM  

ချစ်သောမိသားစုနဲ့အမြန်ပြန်ဆုံနိုင်ပါစေမမပြာ

မြစ်ကျိုးအင်း December 22, 2009 7:14 PM  

အိမ်မက်ကလည်း မတရားဘူး သူစားချင်တာတွေပဲ မက်တယ်နော်
စရောက်ထဲက စားနေတာ လန့်နိုးတဲ့အထိပဲ
ဒါတောင် နိုးနိုးချင်း ကွမ်းထစားမှာ မြင်ယောင်သေးတယ် ဟဲဟဲ

ကိုလူထွေး December 23, 2009 7:39 PM  

ဖေကြီးဆိုတာ ဝတ္ထုထဲက ဦးစိုင်းစိုင်း ကိုပြောတာလား...

းဝ)

may kyaw December 24, 2009 2:42 PM  

လာလွမ်းသွားတယ် အမရေ

ပိုးဟပ်လေး January 2, 2010 4:16 PM  

ဟင့် သူများလည်းလွမ်းတယ်
မေမေ့ချီကို ကျန်ဂျင်တယ်

may16 January 6, 2010 1:24 PM  

အိမ်လွမ်းသူလေးကို ဖတ်ပြီး လွမ်းသွားပါတယ်...

ရွှေပြည်သူ January 12, 2010 12:35 AM  

အိမ်လွမ်းတဲ့ ခံစားချက်ကို ကိုယ်ချင်းစာနားလည်ပါတယ် အစ်မကောင်းကင်ပြာရေ... တစ်ခါတစ်လေ ကျတော့လည်း ကိုယ်နေတဲ့နေရာက အနောက်ဘက်က နိုင်ငံတွေနဲ့ စာရင် နီးသေးတော့ ပြန်ချင် မြန်မြန်ကောက်ပြန်လို့ ရတာပဲလေလို့ စိတ်ဖြေရပြန်တာပါပဲ... ။ ဖတ်ပြီးတော့ ပျော်သလိုလို လွမ်းသလိုလို...