ဆက်လျှောက်ပါရစေ.....

ပန်းလေးတွေ ပွင့်တိုင်း လောက ကြီးက လှမှာလား…။ ငှက်ကလေးတွေ မြည်သံကြားတိုင်း လောကကြီး သာယာမှာလား…။ နေရာတိုင်းမှာတော့ ပန်းလေးတွေပွင့်၊ ငှက်ကလေးတွေ အော်နေတယ်..။ ကိုယ် ပန်းလေးတွေ မချစ်တတ်ဘူး… ငှက်လေးတွေကို ကြောက်တတ်တယ်..။ ဒါပေမယ့် ပန်းပွင့်လေးတွေ အပင်မှာ ပွင့်နေရင် ဘဘောကျတယ်။ မြင်နေရရင် စိတ်ကြည်နူးတယ်..။ ပြုစုပျိုးထောင်ဖို့ ကိုယ်မလုပ်နိုင်ဘူး။ စိတ်ကသိနေတယ်။ ဒီပန်းလေးကို လှပစွာ ဖူးဖို့၊ ပွင့်ဖို့၊ အသီးသီးဖို့၊ ရေလောင်းပေါင်းသင်ဖို့ မကြည့်နိုင်ဘူး။ အပင်တွေ စိုက်ချင်တယ် ဆိုပြီး ဒါတွေ မလုပ်နိုင်ဘူးဆို ကိုယ်ဘာလုပ်ဖို့ လိုနေသလဲ…။

ပန်းဆိုတဲ့ ပန်းလေးတပွင့် လှပစွာ ပွင့်လာဖို့ ဥယျာဉ်မှုးတစ်ယောက် ရှိနေတယ်။ ဒီပန်းလေး မြေဆီလွှာထဲကနေ အပင်ပေါက်လေး ဖြစ်လာဖို့ မြေကြီးကို တူးဆွပေးရတယ်။ အပင်ပေါက်လေးကနေ အကိုင်းအခက်တွေ စုံလင်စွာ ထွက်ပေါ်ဖို့ ဂရုစိုက်ပေးရတယ်။ အကိုင်းအခက်ကနေ အဖူးလေးတွေ ဖြစ်လာပြီဆို ထိခိုက်မှု မရှိအောင် ကာကွယ်ရပြန်တယ်။ အဖူးလေးက တဆင့် ပွင့်လာတဲ့ အထိ တဆင့်ခြင်း ဂရုစိုက်လာရတဲ့ ပန်းလေးတပွင့်ကို အချစ်ဆုံးက ဘယ်သူဖြစ်နိုင်လဲ။ ဥယျာဉ်မှူးပဲပေါ့..။ သူ့ ပန်းလေး လှပစွာ ပွင့်လာမှာကို အရိပ် တကြည့်ကြည့် နဲ့ ကြည့်နေမှာ…။

ပျော်နေမှာလား…၊ ဝမ်းနည်းနေမလား…၊ သတိရနေမလား… မေးခွန်းပေါင်းများစွာနဲ့ အတွေးတွေ ဒီလို သောကြာနေ့လေး တနေ့ ရောက်လာပြီ..။ ကိုယ့်အတွက်တော့ ဒီ အတွေးတွေက နှိပ်စက်လွန်းတယ်.။ဘယ်သူ့ကိုမှ မထိခိုက် မိပေမယ့် ကိုယ့်စိတ်ကတော့ ထိခိုက်နေတာ ကိုယ်အသိဆုံးပဲ။

အဲဒီအတွက် ဘာတွေ လုပ်နေလဲ။ ဘာမှ မလုပ်နိုင်ပါ…။ အတတ်နိုင်ဆုံး ရယ်နေပါတယ်။ ရယ်နေလို့ အကောင်းမထင်နဲ့ ဆိုတဲ့ စကားကိုလဲ ခဏခဏ ပြောနေမိတယ်။ ရုပ်ရှင်လေးကြည့်ကြည့်… ဂိမ်းလေးဆော့ဆော့… စာအုပ်လေး ဖတ်လဲ ဒီအတွေးတွေ ထွက်မသွားဘူး...။ ပျောက်မသွားဘူး..။ ဘုရားရှိခိုး၊ ပုတီးစိပ်၊ တရားထိုင်လဲ မလုပ်နိုင်ပါဘူး။ ဘုရားပန်း ကပ်၊ ရေချမ်းကပ် နိုင်ရုံလောက်ပါပဲ…။ အဲဒီအတွက် ဝမ်းနည်း သတိရနေတော့ရော…။ ကိုယ်ကြိုက်လို့ ဆုံးဖြတ်ပြီး လျှောက်ခဲ့တဲ့ လမ်းလေ..။ အဆင်မပြေဘူး။ နောက်ပြန်လှည့်ပါ… မပြောနဲ့။ ခေါင်းမာမာ၊ ဂျစ်ကန်ကန်၊ ပြန်မပြော နားမထောင် တစ်ယောက် ဖြစ်နေခဲ့တာလေ။

ဆက်လျှောက်ပါရစေ…။


ပျော်စရာ မွေးနေ့လေး ဖြစ်ပါစေ။

17 comments:

ဖိုးစိန် February 19, 2010 4:18 AM  

ဥယျာဉ်မှူး ပျိုးတဲ့ ပန်းခင်းထဲက ပန်းလေးတွေ ထာဝရ ဝေဆာနေမှာပါ...။



ပျော်ပျော်နေပါ...။


ဥယျာဉ်မှူးရဲ့ ပန်းပျိုးလက်လေး ထာဝရ ရှင်သန်နေဖို့ ထာဝရ ကျမ်းမာနေဖို့ က အဓိကပါ..။

စိတ်ညစ်စရာတွေ သိပ်မတွေးနဲ့..။

ဆက်လျှောက်ပါ...။


ပျော်ရွင်စရာ မွေးနေ့လေး တနေ့ ဖြစ်ပါစေ...။


အားတင်းထား... မားနားမူး... အာဂါပီမူး...

Mogok Thar February 19, 2010 9:42 AM  

အားတင်းထားတဲ့

မျောက်စုတ်က.. ဘာအားတွေ သွင်းထားရမှာတုန်းးး..

လက်ပ်တော့ပ် လေး အားမပြတ်အောင် သွင်းဖို့ပဲ ပြေးမြင်တယ်...

(တစ်ဦးသူကို ရန်လုပ်ခြင်း သက်သက်မျှသာ)

နောက်တစ်မန့်မှာမှ... ပြောချင်တာ တကယ်လာဘီ..

ခုတော့..... နှစ်......

Mogok Thar February 19, 2010 10:22 AM  

“ဒီပန်းလေးကို လှပစွာ ဖူးဖို့၊ ပွင့်ဖို့၊ အသီးသီးဖို့၊ ရေလောင်းပေါင်းသင်ဖို့ မကြည့်နိုင်ဘူး။ အပင်တွေ စိုက်ချင်တယ် ဆိုပြီး ဒါတွေ မလုပ်နိုင်ဘူးဆို ကိုယ်ဘာလုပ်ဖို့ လိုနေသလဲ…။”

“လိုနေတာ ဘာလဲ”.... ကိုယ့်ကိုကိုယ် သိနေပါတယ်... လုပ်ဖို့သာ လိုနေတာပါ...

ပန်းကလေးကို ဥယာဉ်မှူးက ချစ်သလို... ဥယာဉ်မှူးတိုင်းကလဲ ပန်းကလေးကို ချစ်တယ်....။
တစ်ခါတစ်ခါမှာတော့ ရင်ဘတ်ထဲက ချစ်နေရုံ.. တမ်းတနေမိရုံနဲ့တော့ မပြီးဘူးမဟုတ်လား။
ပန်းကလေးကို ရေလောင်းပေါင်းသင်ပေးဖို့ အခြေအနေမပေးဘူး။ ဂရုစိုက်စောင့်ရှောက်ဖို့ အနီးကပ် မနေနိုင်ဘူး။ အဝေးရောက်နေတဲ့ ဥယာဉ်မှူးရဲ့ ဝေဒနာကို ခံစားနားလည်ပါတယ်။

ငိုကြွေးဖို့မလို.. စိတ်ဓာတ်ကျဖို့မလို... ကိုယ် စိုက်ပျိုးခဲ့တဲ့ ရင်နှစ်ပန်းကလေးတစ်ပွင့် ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းတွေနဲ့ ကြံ့ကြံ့ခိုင်ခိုင် ပွင့်ဖူးနိုင်ဖို့တော့ ဥယာဉ်မှူးကိုယ်တိုင်က အားဖြည့်နိုင်မှ.. ယုံကြည်ခိုင်မာတဲ့ အနာဂါတ်ကို လမ်းပြဦးဆောင်နိုင်ပါမှ.....
ဒါဟာလည်း... ပန်းကလေကို အဝေးက စောင့်ရှောက်ခြင်းတစ်မျိုးပဲ မဟုတ်လားး....။

ပွင့်ငုံဆဲ ပန်းကလေးကိုသာမက ပွင့်အာဆဲ ပွင့်အာပြီး ပန်းပွင့်တွေရဲ့ စိတ်ကို အကုန်ဖတ်တတ် နားလည်တတ်တဲ့ ဥယာဉ်မှူးတစ်ယောက်ဟာ....
ကိုယ့်စိတ်.. ဘာလဲ ဘယ်လဲဆိုတာလဲ ဖတ်နိုင်မှာ အသေအချာပါ...။

ဒီတော့ “သူ့ ပန်းလေး လှပစွာ ပွင့်လာမှာကို အရိပ် တကြည့်ကြည့် နဲ့ ကြည့်နေမှာ…။” တဲ့လားကွာ...။

ခုတော့ ဖေ့စ်ဘွတ်ထဲမှာလဲ လယ်အကြီးကြီး အပင်တွေဝေဝေဆာဆာနဲ့ လှလို့ ပလို့...
ကျွန်းတွေလဲ တစ်ကျွန်းပီးတစ်ကျွန်းပိုင်၊ အပန်းဖြေဟော်တယ်တွေနဲ့ ကစားဥယာဉ်တွေ အမျိုးမျိုးလဲ ပိုင်နေခဲ့ပြီ။
အကောင်လေးတွေ မွေးလိုက်..၊ ပန်းကလေးတွေ စိုက်လိုက်.ရေလောင်းပေါင်းသင်လိုက်၊. ခူးဆွတ်ရောင်းချလိုက်နဲ့ လက်မလည်အောင်လဲ အလုပ်လုပ်နေရပြီ.....။
(အချိန်တွေ နှမျောစရာကွယ်)

အင်တာနက်၊ ဂိမ်းတွေထဲက အတုအယောင်ဘဝတွေဟာ တကယ့်လက်တွေ့ဘဝထဲက ခေတ္တခဏ အပန်းဖြေဖို့ရာသာ ဖြစ်သင့်တယ်လို့.. ဥယာဉ်မှူးကြီးလဲ သိမှာပါ...။

ဒီတော့ ပြောပြီးသား စကားလေး တစ်ခွန်းသာ ထပ်ပြောပါမယ်။ မပြောခင် ပိတ်ထားတဲ့ တံခါးလေးတစ်ချပ်တော့ အရင် ဖွင့်ရအုံးမယ်။

“ခေါင်းမာမာ၊ ဂျစ်ကန်ကန်၊ ပြန်မပြော နားမထောင် တစ်ယောက် ဖြစ်နေခဲ့တာလေ။” တဲ့။
ခေါင်းမာတိုင်း၊ ဂျစ်ကန်တိုင်း၊ ပြန်မပြောနားမထောင် လုပ်ချင်ရာလုပ်တိုင်း.....
ကိုယ် စိုက်ပျိုးခဲ့တဲ့ ရင်နှစ်ပန်းလေးကို ပြေးသတိရစေချင်တယ်။
(ဘေးမှာရှိနေတဲ့ ပန်းကလေးတွေပန်းကြီးတွေကို မေ့ထားလိုက်အုံး)

“ခေါင်းမာမာ၊ ဂျစ်ကန်ကန်၊ ပြန်မပြော နားမထောင် တစ်ယောက်” ကနေ..ကိုယ့်ရင်နှစ်ပန်းလေးအတွက်.. ကိုယ့်အချိန်တွေ.. ကိုယ့်အနာဂါတ်တွေကို... ပေးဆပ်နိုင်ဖို့...ကိယ်လုပ်ချင်တာတွေကို စွန့်လွှတ်.. ကိုယ်လုပ်သင့်တာတွေကို အသေအချာ ပြင်ဆင်ရင်း...

တစ်စတစ်စ ပွင့်အာလာမဲ့.. ရင်နှစ်ပန်းလေး လေးစာ အားကိုးရသော.. ဥယာဉ်မှူးတစ်ယောက်အဖြစ် မားမားမတ်မတ် ရပ်တည်နိုင်ပါစေ.....

ချစ်သော ရင်နှစ်ပန်းလေးရဲ့ မွေးနေ့ကို ဒီတစ်နှစ်မှာလဲ မကြုံနိုင်ခဲ့ရပေမဲ့..
လာမဲ့ နောက်နှစ်တွေ၊ နောက်နှစ်တွေမှာ.... သဝ်ာဉ်မှူးလေးရော ရင်နှစ်ပန်းကလေးပါ.. ရယ်မောသံ ညံညံစီစီနဲ့ ချစ်ခင်နွေးထွေးစွာ... ချမ်းမြေ့ကြည်သာစွာ... ဆင်နွှဲနိုင်ပါစေ....

ဆန္ဒမွန်ဖြင့်

reenoemann February 19, 2010 12:44 PM  

လျှောက်တော့လည်း လျှောက်ပေါ့ မမပြာရယ်။
ပန်းပင်ကို စိုက်ထားပြီမှတော့ ရေလောင်း ပေါင်သင်း
လုပ်ရမှာပဲလေ။
အဲဒါမှလည်း ကိုယ့်ကိုကိုယ် ဥယာဉ်မှူးလို့ ခံယူလို့
ရတော့မှာပေါ့။

မြတ်မွန် February 19, 2010 2:00 PM  

မမပြာ ပျော်ရွှင်မှူတွေ ထာဝရ ပိုင်ဆိုင်နိုင်ပါစေ..။

စိုင်းစိုင်းလားရှိုး February 19, 2010 3:58 PM  

အားပေးနေပါတယ် လျှောက်ရန်ရှိသေးသည်။

တောင်ပေါ်သား February 19, 2010 4:13 PM  

လျှောက်ရန်ရှိသေးလျှင် ဆက်လျှောက်ပါ အားငယ်စရာ မလိုဘူးးး ဘ၀မှာ လူတိုင်း ဒါပဲ ကြုံတွေ့ရမှာ ဆက်လျှောက်


လေးစားလျက်
တောင်ပေါ်သား

ကြည်ဖြူပိုင် February 19, 2010 7:37 PM  

ဆက်လျှောက်ပါ မမပြာ
အားပေးနေပါ့မယ်

နွေဆူးလင်္ကာ February 19, 2010 8:13 PM  

ဆက်လျှောက် .... ဆက်လျှောက် .. မျိုးကြီးသီချင်းလေ။ ပြောင်းပြန်တော့ လုပ်မဆိုနဲ့နော် :-)

မြစ်ကျိုးအင်း February 20, 2010 12:02 AM  

တို့လမ်းကို တို့ဆက်လျှောက်မယ်လေ ...
ကျနော်လည်း စိုးလွင်လွင်သီချင်း ဆိုသွား ပေးတယ်။

သူလည်း သတိရနေမှာပါ ....။

Angel Shaper February 20, 2010 6:41 AM  

ဆက်လျှောက်.... ပန်းတုံးတိုင်ရောက်မှာပေါ့
ဆက်လျှောက်.... ရပ်ကြည့်ရင် ရှုံးမှာပေါ့
ဆက်လျှောက်.... ဆက်လျှောက်..... ဆက်လျှောက်.....သီချင်းလေးတွေ ညည်းရင်း
ဆက်လျှောက်ကြတာပေါ့ ချစ်မရေ.....
အဆင်ပြေပျော်ရွှင်ပါစေနော်။

ဗညားရှိန် February 20, 2010 10:38 AM  

ဆက်လျှောက် ဆိုတဲ့ စကား ဘယ်လိုပြောနိုင်မှာပါလိမ့်
ပြောသွားတဲ့သူတွေက တော်တော်များနေပီ ဆက်လျှောက်တဲ့ . . . . .

ကိုယ်ရွေးတဲ့လမ်း ကိုယ်ကြိုက်လို့လျှောက်ခဲ့ပီးမှ နောက်ပြန်လှည့်မကြည့်ကြေး မမပြာ . . . .

ဖိနပ်မပါ ထီးမပါတာတောင်မှ ဆူးပင်ပေါက်နေတဲ့လမ်း နေကျဲကျဲတောက် ပူနေရင်တောင် အံကြိတ် နင်းလိုက်စမ်းပါ . . .
သွေးတွေ ဖြာကနဲ ထွတ်လာပါစေ နောက်ပြန်လှည့်မယ်ဆိုတဲ့ စကားလုံး တွေးတောင်မတွေးမိစေနဲ့ . . . .
တွေးမိလို့က အားကုန်ရိုက်ချ ကိုယ့်လျှောက်တဲ့ ခြေထောက်အောက်မှာ ခင်းလို့ ကိုယ်သွားမယ့်လမ်း ကိုယ်ဆက်လျှောက်လိုက်စမ်းပါ မမရေ . . .

ခင်တဲ့
မောင်လေးဗညား

သမီးပျို February 21, 2010 5:09 PM  

“ဘ၀“ ဆိုတာ ဆန်းကြယ်မှုတွေနဲ့ ပြည့်နေတတ်တယ် အဲဒီ ဘ၀ထဲမှာ ရှင်သန်နေကြတဲ့ လူသားတွေမှာလည်း ရည်ရွယ်ချက် ကိုယ်စီ၊ခံစားချက်ကိုယ်စီနဲ့နေထိုင်လာကြ ရင်း နေရာဒေသ အသီးသီးကို အကြောင်းအရာ ကိုယ်စီ နဲ့ရောက်နေကြတယ်။ အဲဒီ လူတွေမှာ မျှော် လင့်ချက်ကိုယ်စီ ၊ အသိုက်အ၀န်းကိုယ်စီ ၊ ရည်ရွယ်ချက် ကိုယ်စီနဲ့ပေါ့ ။ တစ်နေ့ဒါတွေဖြစ်လာဖို့ ဒီနေ့ ဒီလိုတွေ ဝေးနေကြရတယ်၊ ခွဲနေကြရတယ်၊ ဆွေးနေကြရတယ် ။
ဒါတွေရဲ့ အသီးအပွင့်ကို ကိုယ်တိုင်သာ ခံစားရမှာမို့ ခံစားချက်တွေကို ဘေးချိတ်လို့ လုပ်စရာရှိတာကို ဆက်လုပ်ပါ အားတင်းထားပါ ၀မ်းနည်းနေလို့ စိတ်ညစ် မနေနဲ့တော့နော် ။ အထီးကျန်နေလို့လည်း အားမလျှော့လိုက်နဲ့ဦး ။ ကိုယ်ပျိုးထားတဲ့ ပန်းလေးက စိတ်အားငယ်သွားလိမ့် မယ် ။ ကိုယ့်ရဲ့ပန်းလေးအတွက် ခွန်အားတွေဖြစ်နေ ပါစေ ၊ ဥယျဉ်မှုးကောင်းလေး ဖြစ်ပါစေနော် ။ ပန်း လေးတွေ ပွင့်လာတဲ့ အချိန် ကမ္ဘာကြီးက ပိုပြီး လှပ လာတာကို ကိုယ်တိုင်ခံစားမိတဲ့ အချိန်ထိပေါ့


အားပေးလျှက်
သမီးပျို

မိုးခါး February 21, 2010 10:19 PM  

မမ ရေ
ကိုယ်က ဒီလမ်းကို ရွေးပြီးပြီပဲ
မဖြစ်ဖြစ်အောင် ဆုံးအောင် လျှောက်ရပြီပေါ့
လမ်းမဆုံးခင်တော့လည်း စွန့်လွှတ်သင့်တာလေး စွန့်လွှတ် အရယူသင့်တာလေး ယူ .. ဒါကလည်း တခုလိုချင်ရင် တခုကို ဆုံးရှုံးရတတ်တယ်ဆိုတာ ပုံသေနည်းတခုလို ဖြစ်နေတာကိုး .. အဓိကက လမ်း မပျောက်ဖို့ပဲမလား ..
ကိုယ့်ရဲ့ ဥယျာဉ်လေး သာယာလှပနေဖို့ ကိုယ်တိုင်က တာဝန်အရှိဆုံးပါပဲ ..
ဥယျာဉ်လေး အမြဲတမ်း ဝေဆာ စိမ်းလန်းအောင် အနီးကပ် ရေလောင်း ပေါင်းသင် ထိန်းသိမ်း စောင့်ရှောက်နိုင်ဖို့ ဆုတောင်းပေးတယ်နော် ..း)) ဥယျာဉ်မှူးမျက်နှာလေးလဲ အမြဲတမ်း ပျော်ရွှင်ငြိမ်းချမ်းနိုင်ပါစေ ..

ချစ်ခင်စွာဖြင့်

တောင်ပေါ်သား February 22, 2010 12:44 PM  

ထပ်မန့်ချင်သေးတယ်
ပျော်ရွှင်ဖွယ်ပန်းခင်းလေးထဲမှာ ပန်းချစ်တဲ့သူ စိုက်ပျိုးထားတဲ့ ပန်းလေးတွေနဲ့ ဥယျာဉ်မှူးကြီးတယောက် ပန်းလေးတွေ ပွင့်အန်ကျပြီး အလှသွေးကြွယ်နေတာကို မြင်နိုင်ပါစေဗျာ


လေးစားလျက်
တောင်ပေါ်သား

ညရဲ့ကောင်းကင် February 23, 2010 2:08 PM  

ဘာမှကိုမပြောတတ်တော့ဘူး.. မန့်သွားတဲ့သူတွေရဲ့ အားပေးမှုက ဆေးတခွက်ထက်တောင် ပိုအစွမ်းထက်နေတယ် အစ်မရဲ့...

ကိုလူထွေး February 24, 2010 2:58 AM  

ပြန်မပြော နားမထောင်ပုံချင်း တူတယ်...

အားပေးနေမယ်...

းဝ)