ကိုယ် ရှေ့ကို သူ ရောက်လာမယ်လို့ ဘယ်သိထားလိမ့်မလဲနော်၊ တရက် ပေါ့၊ ကိုယ့် အတန်းထဲမှာ တယောက်ထဲ ရှိတဲ့ သူငယ်ချင်းက သူ့ သူငယ်ချင်း ကျောင်းကို လာလိမ့်မယ်တဲ့၊ ကိုယ် တို့အတန်းကို တက်မှာလား မေးမိတော့၊ မဟုတ်ဘူး၊ သူ ကျောင်းရုံးခန်းကို ခဏ လာတာတဲ့၊ ဟင် တို့ ကျောင်းကပဲလား ဆိုတော့ ဟုတ်တယ် ၊ သူ တတန်းပြီးလို့ နောက် အတန်းအတွက် ရုံးခန်း မှာ ငွေလာသွင်းတာတဲ့၊ အေး လာပေါ့၊ ပြီးရင် ကိုယ် သွားမဲ့ နေရာ တော့ နင်လိုက်ပေးရမှာနော် ဆိုတော့ အေးပါတဲ့၊ ကျောင်းဆင်းတော့ သူ့ သူငယ်ချင်း ဆိုသူ အတန်းရှေ့မှာ ရောက်နေပြီ၊ သူတို့ချင်း စကားပြောတာကို အတန်းရှေ့မှာ ကိုယ် စောင့်နေပြီး တော်ကြာနေတော့ သူတို့ ၂ယောက်လုံး ကိုယ့် အနား ရောက်လာတယ်၊ ကိုယ့် အရပ်ထက် ၇ လက်မ ၈ လက်မ ပိုနေတဲ့ သူ တယောက်ကို ကိုယ့် မော့ကြည့်ပြီး ပြုံးပြမိပါတယ်၊ ကိုယ့်သူငယ်ချင်းက သူ ဘယ်သူပါဆိုတာ မိတ်ဆက်ပေးတယ်၊ သူပါ ငါတို့နဲ့ တူတူ လိုက်မယ် တဲ့၊ အေးလိုက်လေ လို့ပဲ ကိုယ် ပြောပြီး ရှေ့က ထွက်လာလိုက်တယ်၊ ကိုယ် သွားမဲ့ နေရာက ကျောင်း နဲ့ သိပ် မဝေးတဲ့ အတွက် လမ်းပဲ လျှောက်သွားကြမှာ ဆိုတော့ လမ်းမှာ စကားပြောရင်း လျှောက်ရင်း သူမေးတယ်၊ ဘာသွားလုပ်ကြမှာလဲ့တဲ့၊ အဲ့တော့ ကိုယ်လဲ ကိုယ် ဝယ်စရာ ရှိလို့ ကျောင်းတတ်တဲ့ နေတိုင်း ကိုယ်သွားတယ် ပြောတော့ ကျနော် လဲ ဝယ်စရာ ရှိလို့တဲ့၊ တိုက်ဆိုင်ချင်တော့ သူဝယ်မဲ့ ပစ္စည်းနဲ့ ကိုယ် ဝယ်မဲ့ ပစ္စည်း တူတူ ဖြစ်နေခဲ့တာ အဲ့ဒီနေရာ ရောက်မှ သိခဲ့ရတယ်၊ ဝယ်စရာ ရှိတာ ဝယ်ပြီး ကိုယ်က လက်ဖက်ရည် ၊ ကော်ဖီ ကြိုက်သူ တယောက်ဆိုတော့ လက်ဖက်ရည် သောက်ပြီးမှ ပြန်မယ် နော်လို့ သူငယ်ချင်း ကို ပြောမိတော့ သူ တိုက်ပါရစေတဲ့၊ ကိုယ် သူ့ကို တချက် စိုက်ကနဲ ကြည့်မိလိုက်တယ်။
လက်ဖက်ရည် သောက်ပြီး ပြန်တော့မယ်လဲ ဆိုရော၊ သူက ကျောင်းမှာ ငွေသွင်းဘောက်ချာ ကျန်ခဲ့လို့ ပြန်သွားယူ ရမယ် ပြောလာတယ်၊ စိတ်ထဲက ထင်လိုက်မိတယ်၊ ကိုယ့် အိမ်ဟာ ကျောင်းနားမှာ ဆိုပြီး ပြောလိုက်မိတာမှားများ သွားလေသလားပေါ့၊ကိုယ့် ကိုယ် ကို အထင်ကြီးမိတာပါ၊ ကိုယ်ဟာ ချောချောလှလှ မိန်းကလေး တယောက်မှ မဟုတ်တာ၊ ဒီအတွေးကို ချက်ချင်း ဖယ်ထုတ်လိုက်ပြီး သူနဲ့ တူတူ ကိုယ်က ကိုယ့်အိမ်ပြန်သလို သူက ကျောင်းကို ပြန်ဖို့ ၂ယောက်ထဲ ပြန်ဖြစ်ခဲ့တယ်၊ ကိုယ်ဆိုတာက မိန်းကလေး အပေါင်းအသင်းသာ နည်းတာ၊ ယောင်္ကျားလေး သူငယ်ချင်း များတဲ့သူတယောက် ဖြစ်နေတဲ့ အတွက် သူနဲ့ ၂ယောက်ထဲ ပြန်ရတာကို ဘယ်လိုမှ မနေပဲ ဟိုးအရင်ထဲက ခင်ခဲ့သူတွေလို ၂ယောက် စကားတပြောပြောနဲ့ ပြန်ဖြစ်ခဲ့တယ်၊ မကောင်းတာ တခုကတော့ သူ့ကို စကားပြောရင် မော့မော့ပြီး ပြောရတာ တခုပါပဲ၊ ကိုယ့် အိမ်နား အရောက်မှာတော့ သူက ကျောင်းဘက် လမ်းမကူးခင် ကိုယ့် ဖုန်းနံပါတ်လေး ပေးထားပါ ဆိုပြီး တောင်းလာခဲ့တယ်၊ ကိုယ်လဲ ရိုးသားစွာပေးလိုက် သလို သူ့ဖုန်းနံပါတ်ကိုလဲ ယူ ထားလိုက်တယ်။
နောက်နေ့တွေ ကိုယ်မေ့မေ့ ပျောက်ပျောက်ပဲ ကိုယ်လဲ သူ့အကြောင်း မပြောမိသလို ကိုယ့်သူငယ်ချင်းကလဲ သူ့ အကြောင်းတွေ မပြောခဲ့ပါဘူး၊ ကိုယ့်တို့ရဲ့ စာသင်ချိန်တွေကို ပုံမှန်အတိုင်း ဖြတ်သန်းလာရင်း တရက်မှာ ကိုယ့်သူငယ်ချင်းတယောက် ထမင်းစားဖိတ်ထားလို့ သူ့အိမ်ရဲ့ အပြန်လမ်း ဘတ်စ်ကားပေါ်မှာ ကိုယ် ငိုက်ကောင်းနေချိန် မက်ဆေ့ တစောင် ဝင်လာခဲ့တယ်၊ ဘယ်မှာလဲ ဆိုတဲ့ သူရဲ့ မက်ဆေ့ကို ဖတ်လိုက်တဲ့ အချိန်မှာ ကိုယ် အိပ်ချင်စိတ်ပျောက်ပြီး ဟုတ်ရဲ့လားဆိုပြီး ၂ခေါက် ၃ခေါက် ပြန်ဖတ်လိုက် ပါတယ်၊ ပြီး ကိုယ် အိမ်ပြန်နေတယ် ဆိုတဲ့ အကြောင်းလေး ပြန်လိုက်ပြီး ပြန်ငိုက်မယ် စဉ်းစားယုံ ရှိသေး နောက်တစောင် ဝင်လာတဲ့ ဖုန်းရဲ့ လှုပ်ခတ်မှုကြောင့် ကိုယ် ဖုန်းကို တခေါက်ပြန်ဖွင့်လိုက်တော့ ဒီ အချိန်ကြီး အိမ်ပြန်နေရအောင် ဘယ်သွားတာလဲ ၊ ဘယ်သူနဲ့လဲ၊တယောက်ထဲလား၊ ဘာသွားလုပ်တာလဲ ဆိုတဲ့ မက်ဆေ့ အရှည်ကြီး တွေ့လိုက်ရတော့ တချက်ပြုံးမိသွားတယ်၊ ကိုယ်ပြန်ပို့လိုက်တဲ့ မက်ဆေ့က ယူ နဲ့ဘာဆိုင်လဲ ဆိုတဲ့ စကားတခွန်းတည်း၊ ချက်ချင်း မြည်လာတဲ့ ဖုန်းခေါ်သံကို ကိုယ် လစ်လျူရှု လိုက်ပြီး ဖုန်းကို အပြီးပိတ်ပြီး အိမ်ရှေ့ ဘတ်စ်ကားမှတ်တိုင်ထိ ကိုယ် ငိုက်ပြီး လိုက်လာခဲ့တော့တယ်၊
နောက်နေ့ မနက် ကိုယ့် ကျောင်းရှေ့ ဘတ်စ်ကားမှတ်တိုင် မှာ သူ့ကိုတွေ့လိုက်ရတဲ့အတွက် ကိုယ် မအံသြ တော့ပါဘူး၊ ထင်ထားပြီးသားပဲလေ၊ ဒါပေမဲ့ သူ ကိုယ့်ဆီ မလာခဲ့ဘူး၊ ကိုယ် ကျောင်းခန်းထဲ ရောက်တော့ ကိုယ့်သူငယ်ချင်းကို သူ ရောက်နေတယ် ဆိုတာ မပြောပြမိတော့ဘူး၊ သူ ကိုယ့်ဆီ လာတယ် ဆိုတာ ကိုယ့် ဘက်က သေချာသွားတဲ့ အတွက် အဲ့နေ့ စာသင်ချိန်တွေ ဘယ်လို ကုန်သွားလဲတောင် မသိလိုက်အောင် ဖြစ်ခဲ့ရတယ်၊ ကိုယ့် ကိုယ်ကိုလဲ မကျေမနပ် ဖြစ်မိတယ်၊ ကိုယ် ဒီလို မဖြစ်သင့်ဘူးလေ၊ သူ့အကြောင်းတွေ ဘာမှ မသိပဲ ကိုယ့် ရင်ထဲကို အဝင်မခံချင်တဲ့ စိတ်ရယ်၊ သူ့ အကြောင်းတွေ ကို သိချင်နေတဲ့ စိတ်ရယ် လွန်ဆွဲ နေသလိုပဲ၊ ဒါပေမဲ့ မိန်းကလေး တယောက်ရဲ့ သဘာဝ စိတ်အရ သူ့ အကြောင်းကို သိမှ ဖြစ်တော့မယ် ဆိုတာ ကိုယ် သိလာတဲ့ အတွက် ကိုယ့် သူငယ်ချင်းကို ခဏ နားချိန်လေးမှာ သူ့အကြောင်းတွေ မေးခဲ့ မိတယ်၊ ကိုယ့် မေးခွန်းတွေကို သူငယ်ချင်းကတော့ ရိုးရိုးသားသား ဖြေသွားတယ်၊ ရိုးသားသူ တယောက်ဆိုတာ သိလိုက်ရတဲ့ အတွက် ကိုယ့် ကျေနပ်သွားခဲ့မိတယ်၊
ကျောင်းဆင်းချိန်မှာ ရင်ခုန်နေတယ် ဆိုတဲ့ ခံစားချက် မဟုတ်တဲ့ ခံစားချက် တခုကို ရင်မှာပိုက်ပြီး သူရှိနေမဲ့ ကားမှတ်တိုင်ကို ကိုယ် တည့်တည့် လျှောက်သွားခဲ့တယ်၊ သူ့ဆီက အပြုံးတစ ကို ကိုယ် လက်မခံပဲ ကိုယ် မေးချင်တာကို အရင် မေးလိုက်မိတယ်၊ မင်း ကိုယ့် ကို စောင့်နေတာလား မေးတော့ ဟုတ်တယ် တဲ့ စောင့်နေတာ ကိုယ်တို့ ဝယ်နေကျ သွားဝယ်မယ်လေလို့ သူ ပြောလာတယ်၊ ကိုယ် နေ့တိုင်း သွားတယ်လို့ ဘယ်သူ ပြောလဲ ထပ်မေးတော့ ကျောင်းတတ်တဲ့ နေတိုင်း သွားတယ် ဆို လို့ ပြောလာတော့ ကိုယ် ကိုယ်တိုင် ပြောပြထားမိတာ သတိရသွားတယ်၊ လမ်းလျှောက် သွားမှာလား ကားစီးမှာလား မေးလာတော့ လမ်းပဲ လျှောက်ရအောင်လို့ ပြန်ဖြေလိုက်တဲ့ ကိုယ့် စကား ကို ရယ်စရာ တလုံးမှ မပါပဲ ကိုယ် ရယ်လိုက်မိသလိုပဲ၊ အရယ်သန်တယ်နော် လို့ သူ ပြောတဲ့ စကားသံကို ကြားမိတော့ ကိုယ် အသံထွက် တကယ် ရယ်မိသွားတယ်၊ ဟုတ်တယ်၊ ကိုယ် အရယ်သန်တယ်၊ ကိုယ်တိုင် စကားပြော နည်းပေမဲ့ သူများပြောတာကို ဂရုတစိုက် နားထောင်ပေးတတ်ပြီး ရယ်စရှိရင် ဟန်မဆောင်တတ်ဘူးလို့ ပြောမိတော့ ရယ်စရာ မပါပဲ သူလဲ လိုက်ရယ်တယ်၊ အဲ့လို ရယ်လိုက်တဲ့ အသံဟာ ကိုယ် တို့ ၂ယောက် ကို ပိုပြီး နီးကပ်သွားစေခဲ့တယ် ထင်တယ်၊ ကိုယ်တို့ အရင်းနှီးဆုံး သူငယ်ချင်း ၂ယောက် ဖြစ်ခဲ့တယ်၊ပျော်စရာဆို တူတူ ပျော်တယ်၊ တယောက် အားငယ်နေရင် တယောက်အားပေးတယ်၊ တယောက် အခက်အခဲ ရှိရင် တယောက် ကူညီတယ်၊ တယောက် ဝမ်းနည်းမှုကို တယောက် မျှယူတယ်၊ ဒီလို ရက်တွေ လတွေ ကြာလာတော့ သူ ကိုယ့် ကို ချစ်တယ်လို့ ဖွင့်ပြောလာခဲ့တယ်၊ တခြား မိန်းကလေးတွေ နဲ့ မတူတဲ့ ကိုယ်ကလဲ သိတယ်လေ လို့ ပြန်ပြောခဲ့တော့ ဟင် ရှက်လဲ မရှက်တတ်ဘူးလို့ ပြောလိုက်တဲ့ သူ့စကား အပြီးမှာ ကိုယ် တို့ ၂ယောက်လုံး ရယ်မောလိုက်မိကြတယ်၊ ကိုယ် သူ့ကို ချစ်တယ် ဆိုတာ လဲ သူ သိမှာပါပဲ။
ဂျင်းဘောင်းဘီ အရှည် နဲ့ တီရှပ် လက်ပြတ်ကို အမြဲ ဝတ်တတ်ပြီး ကိုယ့်ထက် ငယ် နေပေမဲ့ ကိုယ်ရှေ့ ရောက်ရင် လူကြီးပဲ လုပ်ချင်ပါတယ် အမြဲ ပြောတတ်ခဲ့သူ ၊ ကိုယ်က ကိုယ်လို့ ပြောတာကို အပြောမခံတော့ပဲ သူကိုယ်သူ ကိုယ် လို့ ပြောတတ်ခဲ့သူ၊ လမ်းကူးတာ ကြောက်တတ်တဲ့ကိုယ် သူ့ လက်ကို တွဲ မိရင် သူ့လက်ကို လာမတွဲနဲ့ သူကပဲ တွဲမယ် ဆိုပြီး ပခုံးဖက် လမ်းကူးပေးခဲ့သူ၊ တခါတလေ ကိုယ့် ကို နားမလည်ဘူးလို့ ပြောတတ်ခဲ့တဲ့ သူ၊ ခု ကိုယ့်နားမှာ သူ မရှိဘူးလေ၊ သူနဲ့ ကိုယ့် ကြားမှာ အမုန်းဆိုတာမရှိ၊ နားမလည်မှုဆိုတာ မရှိ၊ အကြောင်းတခု ကြောင့် ဝေးရာ မှာ နေ နေရပေမဲ့၊ အဝေးကနေ သူ သတိရနေတယ်၊ လွမ်းနေမယ် ဆိုတာ ကိုယ် ယုံကြည်နေတယ်၊ ကိုယ် အွန်လိုင်း မရှိချိန်၊ ချန်ထားခဲ့တတ်တဲ့ သူ့ မက်ဆေ့ လေးတွေကို ကိုယ် ဖတ်မိရင် ကိုယ့် နားရှိနေသလို ခံစားရတယ်၊ ခုချိန်ထိ ကိုယ့် ဖုန်းနံပါတ် ကို အလွတ်မရတတ်တဲ့ ကိုယ်ဟာ သူ့ဖုန်းနံပါတ်ကို ဘယ်အချိန်စဉ်းစား စဉ်းစား မှတ်မိ နေတတ်တာဟာ ကိုယ် လဲသူ့ကို သတိရနေလို့ပေါ့၊ တနေ့နေ့ ပေါ့ ချစ်သူ၊ ကိုယ့်တို့ ၂ယောက် ဖူးစားမကုန်၊ ကံ မကုန်လို့ ပြန်ဆုံခဲ့ ရင်……………
စာမရေးတာ ကြာလို့ စာတပုဒ် ဖြစ်အောင် ရေးလိုက်တာပါ၊ တကယ် လားလို့ လာမမေးကြေး......
အတိတ် ပုံရိပ် .....
Posted by
ကောင်းကင်ပြာ
at
Thursday, March 18, 2010



22 comments:
တကယ်ကြီးလားဟင်......လို့ မမေးတော့ပါဘူး။ :D
ဟုတ်တယ်...တကယ်ကြီးလားဟင် လို့ မေးဖို့မေ့သွားနိုင်လောက်အောင်ကို ရသတွေ က ဇာတ်ကြော တလျှင် တသွင်သွင် စီးဆင်းနေပါတယ်....း ))
ပျော်ပါစေ
*.*.*
ဖတ်လို့ကောင်းတယ်။
အတူတူသွားဝယ်ကြတာ ကွမ်း ဟွမ်းဟွမ်း
ကွမ်းဖူးစာပေါ့ ဟိ
ဒါနဲ့ save လုပ်ပေးပြီးမှ ရေးတယ်နော်
ကျနော့် ကွန်းမန့်လည်း ပါသွားပြီးP
ဘာကြောင့်လဲ ... ဘာအတွက်လဲ..
ကိုယ်က သိနေခဲ့တာ...
မေးရန်မလွယ်ပေမယ့် အဖြေခက်
သိသလို မသိသလိုပါပဲ...
:D
မေးတော့ဘူး
သူများတွေပါ သိသွားမှာစိုးလို့ :D
တိုးတိုးတိတ်တိတ် :P
မမေးနဲ့ဆိုမှ ပိုမေးချင်လာပြီနော်..
ဘာမှ မမေးဘူးနော် ... သိပြီးသား ဟားဟား..း)
ဟိဟိ မမ မေးချင်တယ် ...မေးချင်တယ်.............
ပိုစ့် ထဲက ကောင်မလေးနဲ့ ကောင်လေး ကံမကုန်ပဲပြန်ဆုံနိုင်ပြီး ဘဝတစ်လျှောက်လုံးသာယာချမ်းမြေ့ကြပါစေနော်
မိုး
မေးပါဘူးးး
မမရေ...... တကယ်ဖတ်လို့ကောင်းတယ်နော်။ စာမရေးတာ ကြာပေ့မယ့် စာတွေကတော့ ခံစားချက်တွေ အပြည့်နဲ့ပဲနော်။ တနေ့နေ့ ပြန်ဆုံရမှာပေါ့ မမရယ်။
တကယ်လားလို့ မမေးနဲ့ဆိုလို့ မေးချင်တယ်လို့ မပြောတော့ဘူး။း)
ခင်မင်လေးစားလျှက်
မင်္ဂလာပါ...
အတိတ်က ပုံရိပ် ကလေးကို ဖော်ကြူးထားတာ ဇတ်လမ်းတစ်ခု slow motion နဲ့ ကြည့်နေရသလိုပါဘဲ.....
မမေးကြေးနော် ဆိုပေမယ့်.. မေးချင်စိတ်တွေ တဖွားဖွား... :) ::)...
ခင်မင်စွာဖြင့်
ကိုမျိုး
မေးတော့မေးချင်တယ်...ဒါပေမဲ့ မမေးတော့ဘူးးးးးး)
မမပြာ ... မမေးကြေးဆိုမှ မေးချင်တာ ... ဒါပေမယ့် မေးလဲဖြေမှာမှမဟုတ်တာနော်.... အပြင်မှတွေ့မှမေးဖို့မှတ်ထားလိုက်ပြီ .... ဇာတ်လမ်းလေးက ချစ်စရာ လွမ်းစရာလေး ...း)
ဘာမှတော့  မလဲပါဘူး...။
တကယ်ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ
ဖတ် လို့ ကောင်းအောင်တော့  ရေးထားသားပဲ ။
ရေး တတ် တာ ပြောတာပါ။
ဂယ်လားးးးဟင်....
မမေးနဲ့ဆိုလို့ မမေးတော့ဘူးနော်။
တော်တော်ရေးထားတာပဲ။
ဇာတ်ထဲမှာမြောသွားတယ်။ တကယ်ထင်ရတယ်နော်။ အဟုတ်.. ဟိဟိ
တီပြာ...ရင်ထဲကစကားတွေပွင့်အန်ကုန်ပြီ....
မမေးပါဘူး...ဒါပေမဲ့ အမှန်တရားဆိုတာ
သိပါတယ်း)
အိုး....ဘာတဲ့
လက်ဖက်ရည် ကော်ဖီ ကြိုက်သူ
ဒါဆိုရင် ကော်ဖီသောက်တိုင်းလည်းလွမ်းမိတာ
မပြာမှာ အပြစ်မရှိပါဘူး ။ ဟီး
အဲဒါတကယ်လားဟင်???????
်
အဲ့လိုမမေးတော့ဘူးနော်၊ အရပ်ရှည်တာမှီအောင်
ကုလားမ ခြေထောက် သုံးနော် နော် နော်.....
အဲဒါတကယ်လားဟင်???????
်
အဲ့လိုမမေးတော့ဘူးနော်၊ အရပ်ရှည်တာမှီအောင်
ကုလားမ ခြေထောက် သုံးနော် နော် နော်.....
အွတ်...
ဇာတ်သိမ်းမှာ မင်းသမီးနဲ့ မင်းသားလည်း မညားဘူး...
“ကိုယ်ဟာ ချောချောလှလှ မိန်းကလေး တယောက်မှ မဟုတ်တာ” ... ဆိုတဲ့ စာကို ဖတ်ပြီးကတည်းက တကယ်လားလို့ မမေးတော့ပါဘူး...
ဖြစ်မှ ဖြစ်ရလေတယ် ပြာကြီးရယ်...
းဝ)
လွမ်းတယ် ကိုရယ် ......
ကော်ဖီသောက်ရင် လွမ်းတော့ဟုတ်သေးဘူး ကွမ်းမြုံ့ရင်း ဆိုဟုတ်တုတ်တုတ်။ မင်္ဂလာဆောင်ရင် လက်ဖွဲ့ရမယ့် ပစ္စည်းမှာ ကွမ်းထောင်းတဲ့ ကြေးငရုတ်ဆုံလေး စဉ်းစားထားတယ် အဲဒါမှသွားမရှိလည်း မြုံ့လို့ရမှာ :P
Post a Comment